Home
မြန်မာသတင်း
ကျောက်ဖြူရေနက်ဆိပ်ကမ်း တိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးရ
DVB
·
March 6, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၄,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောတဲ့အကြောင်း AFP သတင်းမှာ ဖေဖော်ဝါ ရီ ၅ ရက်က ဖော်ပြပါတယ်။

ဒေသခံ ကယ်ဆယ်ရေးကော်မတီ ပြောခွင့်ရသူ ဦးအောင်အောင်က “လတ်တလော တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတဝိုက်က ရွာ ၁၀ ရွာက လူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်” လို့ ပြောပါတယ်။

ရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ပွဲကြောင့် လူပေါင်း ၄,၀၀၀ နီးပါး ထွက်ပြေးခဲ့ကြရသလို အဲဒီမှာ ထွက်ပြေးတိမ်းရှောင်လာကြရသူပေါင်း ၁၅,၀၀၀ လောက် ရှိလာခဲ့ပြီလို့လည်း သူက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်အေအေတို့တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ပြည်သူ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

စည်မော်၊ သစ်ပုတ်တောင်၊ ဂုံးချွိန်၊ ရှောက်ချောင်း၊ ကတ်သပြေ၊ စိုင်ခြုံ၊ ပျားတဲ့ စတဲ့ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၂၀ လောက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့  စည်မော်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရလို့ အသက်လုပြီး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး ကျောက်ဖြူမြို့ပေါ်က ပြည်သူတွေကိုတော့ စစ်ကောင်စီဘက်က ပိတ်ဆို့တားမြစ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအခက်ခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရသလို ကျန်းမာရေးစောင့်ရှောက်မှုတွေအပါဝင် လူသားချင်းစာနာမှု  အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့လည်း သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေကနေ တဆင့် စစ်ဘေးရှောင်ပြည်သူတွေရဲ့အခက်ခဲတွေကို အမြန်ဆုံးထောက်ပံ့ကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။

ရခိုင်အခြေစိုက် လူမှုကူညီရေး အဖွဲ့ခေါင်းဆောင်တဦးကတော့ “စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ အဓိကမဟာမိတ် တရုတ်နိုင်ငံက ရေနက်ဆိပ်ကမ်းတခုအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံလောက် ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ ကျောက်ဖြူမြို့ တဝိုက်မှာတော့ ပြီးခဲ့တဲ့လနှောင်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ AA တို့ကြား တိုက်ပွဲအသစ်တွေ ဖြစ်ပွားလာနေခဲ့တာပါ။

ကျောက်ဖြူမြို့မှာတော့ ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီ ရေတပ်ဌာနချုပ်အပြင် တရုတ်ကျောထောက်နောက်ခံပြု စီးပွားရေး စီမံကိန်းတွေ ရှိသလို စစ်တပ်အတွက် ဝင်ငွေလမ်းကြောင်းဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း ရှိနေတာကြောင့် စစ်အုပ်စုအတွက် အရေးကြီးတဲ့မြို့တမြို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံတဝန်း လူဦးရေ ၃ သန်းခွဲကျော် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ရခိုင်ပြည်နယ်တခုတည်းတင် ၅၀၀,၀၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

Source: AFP/ CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013