Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ်က သံဃာနှင့် ပြည်သူများကို သတ်ဖြတ်၊ ရွာမီးရှို့ 
DVB
·
March 6, 2025

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းက ကျောင်းထိုင်ဆရာတော်တပါး အပါအဝင်  အရပ်သား ပြည်သူ ၁၀ ယောက်ထက်မနည်းကို သတ်ဖြတ်သွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြောင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ တာဝန်ခံ ကိုနွေဦးက “ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေက ရေစကြိုနယ်ထဲမှာရှိတဲ့ မြေစွန်းရွာကို ဝင်စီးပြီးတော့ ရွာခံတွေကို ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်နေတာ မြင်ရတော့ အဲဒီရွာဘုန်းကြီးကျောင်းဆရာတော်က သူ့ရွာက ဒါယကာ၊ ဒါယိကာမတွေကို အဲဒီလိုမလုပ်ဖို့ သွားတားတာ၊ ဘုန်းကြီးကိုပါ တခါတည်း ပစ်သတ်လိုက်တာလို့ သိရတယ်ဗျ။ အဲဒီကျောင်းထိုင်ဆရာတော်နဲ့ဆို အသတ်ခံရတာ ၁၀ ယောက်ကျော်တယ်။ ဖမ်းခေါ်သွားတာတွေလည်း ရှိတယ်။ လမ်းမှာ သတ်ဖြတ်ခံရတာလည်း ရှိနေတော့ ဦးရေ အတိအကျကတော့ မရသေးဘူး။ အသတ်ခံရသူတွေရဲ့ အလောင်းတွေကို ရွာထဲမှာပဲ စွန့်ပစ်ထားခဲ့ကြတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးရင်း မတ် ၂ ရက်မှာတော့ မြေစွန်းကျေးရွာကို ဝင်ရောက်လာပြီး ၃ ရက်နီးပါး ယာယီတပ်စွဲ နေထိုင်ခဲ့ကြကာ အခုလို သတ်ဖြတ်သွားသလို လူနေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

ရေစကြို ပကဖ တာဝန်ခံ ကိုဝေကြီးက “သူတို့ဘက်က အင်အား ၁၀၀ နီးပါးရှိတယ်။ အဲဒီရွာမှာ ၃ ရက်လောက် တပ်စွဲနေပြီးတော့ အပြစ်မရှိတဲ့ ဦးပဥ္စင်းနဲ့ ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တာပါ။ မြေစွန်းရွာကနေ စစ်ကြောင်းကတော့ ပြန်ထွက်သွားလို့ တချို့ရွာသားတွေတော့ ရွာထဲ ပြန်ဝင်ကြပြီး အပျက်အစီးတွေကို ရှင်းလင်းနေကြတယ်။ မီးလောင်ပျက်စီးတဲ့ အိမ်ခြေစာရင်းကတော့ မရသေးဘူးဗျ” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ရေစကြိုမြို့နယ်ထဲက မာလကာခြံ၊ ရွှေလှန်၊ မြေစွန်း၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီကျေးရွာတွေအပြင် မြောင်မြို့နယ်ထဲက မြစ်သာ၊ ဆင်လှောင်၊ သုခဒီပ၊ နနွင်းကိုင်း၊ ဆူးလေးကုန်း၊ မြစ်ဆုံ၊ ငါးရံ့အို၊ မင်းလှ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မတ် ၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေလယ်ကျွန်းဒေသက သာဂေါင်လေးကျေးရွာနဲ့ ဇရပ်နီကျေးရွာကို ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဇရပ်နီကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သာဂေါင်လေးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ မနက် ၈ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ၈ နာရီ ၅၀ မိနစ်လောက်မှာတော့ မတ် ၅ ရက်က မီးရှို့ခဲ့တဲ့ ဇရပ်နီကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာလည်း ရွှေလှန်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ်တွေ ပျက်စီးခဲ့သေးတယ်လို့လည်း ရေစကြိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရေစကြိုနဲ့ မြောင်မြို့နယ်တွေမှာ အခြေစိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသလို သေနတ် ၄ လက်နဲ့အတူ ၆ ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း အဆိုပါစစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားကျော်ထွေးကို ရေစကြိုနယ်ထဲက အမှတ် ၃ သောင်ခုံပေါ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ရေစကြို ပကဖ ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ရေလယ်ကျွန်းဒေသကို ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကာ စစ်ကောင်စီတပ်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မွှေနှောက်နေတာဖြစ်လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် အိမ်ခြေ ဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၁၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Photo : မြောင်အခြေစိုက် CDSOM

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013