Home
မြန်မာသတင်း
ဒီးမော့ဆိုနှင့် မိုးဗြဲရှိ အရပ်သား နေရာများကို စစ်ကောင်စီတပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်
DVB
·
March 5, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က မတ် ၄ ရက်မှာ  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် ကာမီကာဇေဒရုန်းခေါ် အသေခံဒရုန်းကိုပါ စတင်အသုံးပြု တိုက်ခိုက်လာတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဧရိယာမဟုတ်တဲ့ ဒီးမော့ဆိုအနောက်ခြမ်းက အရပ်သားတွေ နေထိုင်ရာ လူစည်ကားတဲ့ စစ်ဘေးရှောင် ဈေးအနီးဝန်းကျင်ကို မတ် ၄ ရက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၈ ကြိမ်ကြဲချပြီး ကာမီကာဇေဒရုန်း ၂ စီးနဲ့လည်း တိုက်ခိုက်ခဲ့လို့ ပြည်သူတွေ စိုးရိမ်မှု မြင့်တက်လာကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “လူထုတွေနေတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ဖြစ်စေ၊ အသေခံဒရုန်းနဲ့ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာက စစ်ရာဇဝတ်မှု မြောက်တာပေါ့နော်။ ဒါက မလုပ်သင့်တဲ့ ကိစ္စတခုပေါ့။ အသေခံ ဒရုန်းကတော့ ကျနော်တို့ဆီမှာ ဦးဆုံးအကြိမ်လို့ ပြောလို့ရတာပေါ့။ ဒါက ပြည်သူတွေအတွက် ပိုပြီး အန္တရာယ်များသွားပြီ။ စစ်ကောင်စီကတော့ ရက်ရက်စက်စက် ဆိုးဆိုးဝါးဝါးပဲ ပြည်သူတွေအပေါ် ဆက်ဆံလာတယ်” လို့ ပြောပါတယ်။

မတ် ၄ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ၃ ကြိမ် ပစ်ခတ်ခဲ့တဲ့အပြင် ညနေခင်းပိုင်းမှာ အသေခံဒရုန်း ၂ ခုနဲ့ပါ ပစ်ခတ်လာတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုက စစ်ဘေးရှောင် အမျိုးသမီးရဲ့ နေအိမ် ပျက်စီးပြီး တိရစ္ဆာန်တချို့လည်း ထိခိုက်မိခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတယောက်က “ကာမီကာဇေလား ဘာလားတော့ မသိဘူး။ မနေ့ကဥစ္စာကြီးက တော်တော်ကြီးကို ကြောက်ရတာ။ ညပိုင်းကျတော့လည်း ပုန်းရတာနဲ့၊ မနက်လည်း လေယာဥ်လာရင် တော်တော်လေးကို ကြောက်နေရတယ်။ ခြေထောက်တွေလည်း ပွန်းပဲ့ဒဏ်ရာချည်းပဲ ပြေးရလွှားရတာ။ ချောက်တွေထဲလည်းကျ၊ ညကျတော့ အိမ်ရှေ့က တံတားကြီးအောက်မှာ လွတ်မယ့်ပုံပေါ်လို့ တညလုံး ဝင်အိပ်နေရတာ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ရှင်သန်ရပ်တည်ဖို့ အခက်အခဲတွေ ကြုံနေရတဲ့အပြင် စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ပါ တိုက်ခိုက်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ပိုမြင့်တက်လာနေပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းဝန်းကျင်ရှိနေပြီး စစ်ဘေးရှောင်စခန်း ၈၀ ကျော်အထိရှိကာ မြို့နယ်အသီးသီးက စစ်ဘေးရှောင်ပြည်သူတွေ အများဆုံး စစ်ဘေးရှောင်နေကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲဒေသမှာလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး သူတို့အသုံးပြုနေတဲ့ အဝေးထိန်းဒရုန်းတွေဟာ တိကျမှုရှိလာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်က လနဲ့ချီ မြေပြင်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။ ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ ဒရုန်းတွေကိုလည်း အဆက်မပြတ် အသုံးပြုလာပါတယ်။

လက်ရှိအသုံးပြုလာတဲ့ စစ်ကောင်စီဘက်က အဝေးထိန်းဒရုန်းတွေဟာ အဆင့်မြင့်လာပြီး တိကျမှု ရှိလာတာကြောင့် စိုးရိမ်စရာ ဖြစ်လာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ရှမ်း-ကယား(ကရင်နီ)နယ်စပ်မှာ နှစ်နဲ့ချီဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေနဲ့လည်း ကြဲချတိုက်ခိုက်တာ ရှိပါတယ်။ အဲဒီဗုံးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ အသက်ရှူကြပ်တာ၊ မူးမေ့တာ၊ အော့အန်တဲ့ ဝေဒနာတွေ ခံစားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့တဲ့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်သုံးဒရုန်းတွေအပြင် ကာမီကာဇေလို့ခေါ်တဲ့ အသေခံဒရုန်းတွေပါ အသုံးပြုလာတာဖြစ်ပြီး အဲဒီ နည်းပညာမြင့် ဒရုန်းတွေကြောင့် တော်လှန်ရေးရဲဘော်တချို့ ထိခိုက်တာတွေ ရှိတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အာဏာသိမ်းတဲ့ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၇၈၈ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ အရပ်သား ၁၇၆ ယောက်ရှိတယ်လို့ တိုးတက်သော ကရင်နီအင်အားစုက ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013