Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်၏ ကမ္ဘာ့အကြီးမားဆုံး SpaceX ဒုံးပျံ ထပ်မံပေါက်ကွဲ
DVB
·
March 7, 2025
photo:Reuters

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ကနေ လွှတ်တင်လိုက်တဲ့ SpaceX ဒုံးပျံကြီးဟာ လွှတ်တင်ပြီးနောက် မကြာခင်မှာတင် ပေါက်ကွဲသွားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်တွေ ခေတ္တရပ်နားခဲ့ရသလို အပျက်အစီးတွေ ကျလာနိုင်ကြောင်း သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ရပါတယ်။

SpaceX ကုမ္ပဏီကတော့ အထက်ကိုတက်သွားစဉ်မှာ လူမပါတဲ့အာကာသယာဉ်ဟာ “စီစဉ်ထားသလို မဖြစ်ဘဲ လျင်မြန်စွာ ကွဲထွက်သွားခဲ့ပြီး” မြေပြင်နဲ့ပါ အဆက်အသွယ် ပြတ်သွားတယ်လို့ အတည်ပြုပါတယ်။

ဒါဟာ ကမ္ဘာ့အကြီးမားဆုံးနဲ့ အားအကောင်းဆုံး SpaceX ဒုံးပျံအတွက် ၈ ကြိမ်မြောက် စမ်းသပ်ပျံသန်းမှု ဖြစ်သလို ၂ ကြိမ်ဆက်တိုက် ပျက်ကျမှုလည်း ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမျိုး မရှိကြောင်း ဖော်ပြထားပေမဲ့လည်း မိုင်ယာမီနဲ့ အော်လန်ဒို အပါအဝင် ဖလော်ရီဒါပြည်နယ်က လေယာဉ်ပျံသန်းမှုကိုတော့ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

SpaceX ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း “ထုံးစံအတိုင်းပါ၊ သင်ယူမှုကနေ အောင်မြင်မှုကို ရတာပါ။ ဒီကနေ့ ပျံသန်းမှုဟာ Starship ရဲ့ လုံခြုံစိတ်ချရမှု တိုးတက်လာအောင် နောက်ထပ်သင်ခန်းစာ ပေးနိုင်ပါလိမ့်မယ်” လို့ ရေးသားထားပါတယ်။

SpaceX ကတော့ အာကာသယာဉ်နဲ့ Super Heavy ဒုံးပျံကို ပေါင်းစပ်ပြီး “Starship” လို့ ခေါ်ဆိုတဲ့အပြင် အပြည့်အ၀ ပြန်လည်အသုံးပြုနိုင်ဖို့အတွက်ပါ ရည်ရွယ်ထားပါတယ်။

၁၂၃ မီတာ အမြင့်ရှိတဲ့ အာကာသယာဉ်ဟာ တနာရီကြာ ပျံသန်းပြီးရင် အိန္ဒိယသမုဒ္ဒရာပေါ်ကနေ ကမ္ဘာ့ပတ်လမ်းထဲကို ပြန်ဝင်ဖို့အတွက် စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့လည်း Super Heavy အမည်ရ ဒုံးပျံတွန်းတင်စက်ကသာ လွှတ်တင်တဲ့နေရာကို အောင်မြင်စွာ ပြန်ရောက်လာခဲ့ပါတယ်။

ဒါ့အပြင် Starship ဟာ မားစ်ဂြိုဟ်မှာ လူသားတွေ အခြေချနိုင်ဖို့ မျှော်မှန်းထားတဲ့ အီလွန်မတ်စ်ခ်အတွက် အလွန်အရေးပါတယ်ဆိုပြီး ဖော်ပြထားပါတယ်။

လာမယ့်အနာဂတ်မှာ မတ်စ်ခ်က Starship ကို အသုံးပြုပြီး အချိန် ၉ လလောက် ကြာမြင့်ကာ မားစ်ဂြိုဟ်အထိ အသွားအပြန်လုပ်နိုင်မယ့် ခရီးရှည်ကြီးတွေ ဖြစ်လာအောင် ကြိုးပမ်းနေခဲ့တာပါ။

တချိန်တည်းမှာ NASA ကလည်း အာကာသယာဉ်ကို လဆင်းယာဉ်အဖြစ် မွမ်းမံပြင်ဆင်ပြီး Artemis - အားတမစ်(စ်) မစ်ရှင်အရ လပေါ်ထပ်ဆင်းနိုင်အောင် စီစဉ်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013