Home
နိုင်ငံတကာ
ပါကစ္စတန်နှင့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး အနည်းဆုံး ၁ ဦး သေဆုံး
DVB
·
March 4, 2025
Photo : Reuters

ပါကစ္စတန်နဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေဟာ ၂ နိုင်ငံအကြားမှာ လတ်တလော ပိတ်ထားတဲ့ အဓိက နယ်စပ်ဖြတ်ကူးဂိတ် တော်ရ်ခမ်းမှာ မတ် ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေးသမား တယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားပါတယ်။

လူသားချင်းစာနာမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်မှာ ပါကစ္စတန်မှ အစားအစာတင်သွင်းမှု အမြင့်ဆုံးကာလဖြစ်တဲ့ အစ္စလာမ့်လမြတ် ရမ်ဇာန်ကာလရဲ့ ပထမဆုံး အလုပ်နေ့မှာ ဒီပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။

တော်ရ်ခမ်း နယ်စပ်ဂိတ်ကို ၁၀ ရက်ကြာ ပိတ်လိုက်ခြင်းကြောင့် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ ထရပ်ကားထောင်ပေါင်းများစွာ သောင်တင်နေပါတယ်။

အခုနောက်ဆုံး ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ ညတွင်းချင်းဖြစ်ခဲ့ပြီး တာလီဘန်တိုက်ခိုက်ရေးသမား တယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်တွေ လည်ပတ်နေတဲ့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ပါကစ္စတန် လုံခြုံရေးအရာရှိ ၂ ယောက်က ပြောပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ပါကစ္စတန် နိုင်ငံခြားရေးရုံးက တုံ့ပြန်ခြင်း မရှိပါဘူး။

အိမ်နီးချင်းနိုင်ငံတွေဟာ တင်းမာတဲ့ ဆက်ဆံရေးရှိပြီး အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု အများအပြားကို အာဖဂန်မြေပြင်မှာ စတင်ဖြစ်ပွားခဲ့တာလို့ ပါကစ္စတန်က ပြောကြားပြီး ဒီစွဲချက်ကို တာလီဘန်တွေ ငြင်းဆိုထားပါတယ်။

ဒီဇင်ဘာလအတွင်းက ပါကစ္စတန် စစ်လေယာဉ်တွေကြောင့် အာဖဂန်ပိုင်နက်အတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တော်ရ်ခမ်း နယ်စပ်ဂိတ်ဟာ ပါကစ္စတန်နဲ့ ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်အကြား ခရီးသွားတွေနဲ့ ကုန်စည်တွေအတွက် အဓိက ဖြတ်သန်းသွားလာနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးရုံးမှ သိရပါတယ်။

သန်းနဲ့ချီတဲ့ အာဖဂန်လူမျိုးတွေဟာ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူဦးရေ ထက်ဝက်လောက်ဟာ အသက်ရှင် ရပ်တည်ရေးအတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောကြားထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013