
အာဖဂန်တာလီဘန်တွေအတွက် သမိုင်းဝင်လေ့ကျင့်ရေးကွင်းလို့ လူသိများတဲ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အစ္စလာမ် ဘာသာရေးကျောင်းတကျောင်းမှာ ဖေဖော်ဝါရီ ၂၈ ရက် သောကြာနေ့က ဝတ်ပြုဆုတောင်းနေချိန်မှာ အသေခံဗုံးခွဲသူ တယောက်ကြောင့် ဝတ်ပြုသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဘာသာရေးကျောင်းရဲ့ အကြီးအကဲ မော်လနာဟာမစ်ဒ် အူလ်ဟက်လည်း ပါဝင်ပြီး သူဟာ တာလီဘန်တို့ရဲ့ဖခင်လို့ ယူဆကြတဲ့ မော်လနာဆာမီအူလ်ဟက်ရဲ့ သား ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မူဟမ်မဒ်အလီဆေအိဖ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
အသေခံဖောက်ခွဲရေးဝတ်စုံကို ဝတ်ထားတဲ့ တိုက်ခိုက်သူဟာ ဒါရူးလ် အူလွန်းမ် ဟက်ကားနီယာ စာသင်ကျောင်းရဲ့ ဥပစာရှိ ဗလီတခုကနေ ထွက်လာတဲ့ အူလ်ဟက်ဆီကို လျှောက်သွားခဲ့ကြောင်း သူ့ရဲ့အစ်ကို မော်လနာအဗ္ဗဒူလ်ဟက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့မှ ရဲအရာရှိ နာဂျီဘူရ် ရာမန်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှယ်ဘတ်ဇ် ရှာရစ်ဖ်က အဲဒီဗုံးခွဲမှုကို ရှုတ်ချခဲ့ပြီး အူလ်ဟက် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း သူ့ရဲ့ရုံးခန်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters