
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းမှာ ကျောက်မီးသွေးတွင်း လုပ်သားတွေကို တင်ဆောင်လာတဲ့ ကား တစီးကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ကုသပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲက ၂ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ဒေသတွင်း ဆေးရုံမှ ဆရာဝန် တဦးက ပြောပါတယ်။
ပါကစ္စတန် ခွဲထွက်ရေး သူပုန်ထမှုကို နှိမ်နင်းနေတဲ့ ဘာလိုချီစတန်ပြည်နယ် ဟာနိုင်းဒေသရှိ ကျောက်မီးသွေးမိုင်းတွင်း တခုဆီကို အလုပ်သမားတွေကို ခေါ်ယူတင်ဆောင်လာတဲ့ ကုန်တင်ကား ဖြတ်သွားချိန်မှာ လမ်းဘေးမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲလိုက်တာလို့ နယ်မြေခံတပ်မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲချိန်မှာ ထရပ်ကားထဲမှာ မိုင်းတွင်းလုပ်သား ၁၇ ဦး ရှိနေကြောင်း ဒေသဆိုင်ရာ လက်ထောက်ကော်မရှင်နာ ဟက်ဇ်ရတ် ဝါလိအဂ်ဟာက ပြောကြားပါတယ်။
တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ပေါက်ကွဲမှုရဲ့ မျက်မြင်သက်သေ တဦးဖြစ်တဲ့ မိုဟာမက် ရှာဖှီယူလာက သူတို့ရှေ့က ကား တစီးဟာ မြောင်းထဲကို ဝင်တိုက်မိပြီးနောက် ပေါက်ကွဲသွားပြီးတော့ ဒဏ်ရာရသူတွေ နေရာအနှံ့ ပြန့်ကြဲ သွားတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေသခံ ကျောက်မီးသွေးတွင်း လုပ်သားလည်းဖြစ်ပြီး ဒဏ်ရာရသူ တယောက်ရဲ့ ဆွေမျိုးတော်စပ်သူ ဂူလ်အန်ဝါက အဲဒီဒေသမှာ မရေရာတဲ့ အခြေအနေတွေကြောင့် အချိန်မရွေး တိုက်ခိုက်ခံရ နိုင်ပြီးတော့ ဘယ်သူမှ အဲဒီလမ်းမှာ မသွားရဲကြကြောင်း ပြောပါတယ်။
ပြန်ပေးဆွဲခံရခြင်းနဲ့ တခြားအန္တရာယ်တွေက အမြဲလိုလို ဖြစ်ပွားနေကြောင်းကို မီးမောင်းထိုး ပြနေပါတယ်။
Source-Reuters