
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာဘူတာနဲ့ သီလဝါဘူတာကြားမှာ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၈ နာရီခွဲလောက်က ရထားတိုက် သေဆုံးနေတဲ့ ရုပ်အလောင်းတခုကို တွေ့ခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် နေရပ်ရွှေ့ပြောင်းနေထိုင်သူတဦးဖြစ်ပြီး သီလဝါကို လမ်းခင်းကျောက်ပို့ဆောင်နေတဲ့ ရထားက တက်ကြိတ်သွားတာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ဖြစ်တဲ့နေရာက တော်တော်လေး ချောင်ကြတယ်။ တဖက်က ရထားနဲ့ ငြိပြီး တော်တော်ဝေးဝေးပါသွားတာ။ သန်လျင်ဆေးရုံ ပို့ပေးထားပါတယ်”လို့ ပြောပါတယ်။
ရထားတိုက်ခံရလို့ ခြေတဖက် ပြတ်တောက်ပါသွားတဲ့အပြင် တဖက်ပြတ်လုနီးပါးဖြစ်ကာ သွေးထွက်လွန် သေဆုံးနေတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာအဖွဲ့ရဲ့ ခွင့်ပြုချက်အရ လောကအလင်းအသင်းပိုင်ယာဉ်နဲ့ သန်လျင်မြို့နယ် ဆေးရုံကြီးကို ရုပ်အလောင်း ပို့ဆောင်ပေးထားကြပါတယ်။