
ရန်ကုန်တိုင်း သန်းလျင်မြို့နယ် ညောင်သုံးပင်ကျေးရွာက Wave Money ဆိုင်မှာ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်တနာရီက ၁၀၀၀၀ တန် ငွေစက္ကူအတုတွေနဲ့ ငွေလာလွှဲသူ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ညောင်သုံးပင်ကျေးရွာမှာ နေထိုင်တဲ့အမျိုးသားတယောက်က ရွာထဲမှာဖွင့်လှစ်ထားတဲ့ Wave Money ဆိုင်မှာ မနေ့နေ့လယ် တနာရီက ငွေတသိန်းခွဲလာလွဲရာ ၁၀၀၀၀ တန် အတု ၁၄ ရွက်ပါလာတာကြောင့် ဆိုင်က အုပ်ချုပ်ရေးမှုးရုံးကို အကြောင်းကြားခဲ့ရာမှ ဖမ်းဆီးခံရတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
"ကောင်လေးက ကြုံရာကျပန်းလုပ်တာ၊ ဘယ်က ၁၀၀၀၀ တန် အတုတွေရလာလဲမသိဘူး၊ ဆိုင်မှာငွေသွားလွှဲတာ အဖမ်းခံရတာ၊ ၁၅ ရွက်မှာ ၁၄ ရွက်က အတုတွေ။”
သန်လျင်မြို့မရဲစခန်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က “အဲ့ကောင်လေးက သင်္ယန်းကျွန်းမှာ အလုပ်လုပ်တာ၊ အလုပ်လုပ်ရင်း လိုင်းပေါ်မှာရင်းနှီးတဲ့သူတယောက်ဆီက ၁၀၀၀၀ တန် အတု ၁၄ ရွက်ကို ၅၀၀၀၀ နဲ့ဝယ်ပြီး ငွေလွှဲတဲ့အချိန် အဖမ်းခံရတာ” လို့ ပြောပါတယ်။
လတ်တလောမှာ သန်လျင်မြို့မရဲစခန်းက ၁၀၀၀၀ တန် ငွေစက္ကူအတု ၁၄ ရွက်ကို လက်ဝယ်ကိုင်ထားသူ ကိုနေထက်လင်းအား ဗဟိုဘဏ်ဥပဒေဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ ငွေစက္ကူအတုရောင်းဝယ်တဲ့ အမျိုးသမီးတယောက်ကို ရဲတွေက ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်လည်းရှိပါတယ်။
အလားတူ နိုဝင်ဘာ ၁၃ ရက်ကလည်း တောင်ကြီးမီးပုံးပျံပွဲမှာ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတုတွေနဲ့အတူ အမျိုးသား ၄ ယောက်ကို ဖမ်းမိခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။