ရန်ကုန်၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအထက်တန်းကျောင်းက ၈ တန်းကျောင်းသားတွေ နိုဝင်ဘာ ၃၀ ရက်ညက ချိန်းပြီးထိုးကြရာက ၂ ယောက် ဓားနဲ့အထိုးခံရလို့ ဆေးရုံတင်ရပြီး ၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့ဟောင်းအထက်တန်းကျောင်းက ၈ တန်းကျောင်းသား ၂ ယောက်နဲ့ ၈ တန်း၊ ၁၀ တန်း ကျောင်းသား ၇ ယောက်အဖွဲ့တို့ မနေ့ည ၇ နာရီက မြို့ဟောင်းအရှေ့ရပ်ကွက် ဟိန္ဒူဘုရားကျောင်းအနီးမှာ ရန်ဖြစ်ခဲ့တာလို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။
“ဘယ်လိုကစပြီး ရန်ဖြစ်လဲတော့ မသိဘူး။ ကျောင်းသားအချင်းချင်း ချိန်းထိုးတာဆိုပေမဲ့ ဟိုဘက်ကလူများတော့ ဓားနဲ့ ၂ ယောက်လုံးကို ထိုးသွားတာ ဆေးရုံတင်လိုက်ရတယ်။ ကျောင်သားအများစုလည်း ဖမ်းခံလိုက်ရတယ်။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ဖူဆယ်ဘောလုံးကွင်းမှာဖြစ်ခဲ့တဲ့ပြဿနာကို အရင်းခံပြီး တကျော့ပြန်စိန်ခေါ်ချိန်းထိုးရာက အခုလိုဖြစ်လာတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဖူဆယ်ကွင်းမှာ ရန်ဖြစ်ခဲ့တာကို အခဲမကျေလို့ ချိန်းထိုးကြတဲ့သဘော။ ဓားနဲ့ထိုးခံရတဲ့ ကောင်လေး ၂ ယောက်က အခြေအနေမကောင်းဘူး၊ ဆရာမတွေလည်း ကျောင်းမှာ tiktok ချည်းပဲ ဆော့မနေစေချင်ဘူး၊ ကလေးတွေရဲ့အခြေအနေကိုလည်းသိသင့်တယ်။”
လတ်တလောမှာ ဒဏ်ရာရရှိတဲ့ ၈ တန်းကျောင်းသား မောင်ကောင်းထက်သူနဲ့ အောင်မြတ်သူတို့ဟာ သန်လျင်မြို့မဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး ကျောင်းသား ၄ ယောက်နဲ့ အရပ်သားတယောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အောင်မြင့်မြတ်(၈ တန်း)၊ ဇေယျာထွန်း (၈ တန်း)၊ လှိုင်မိုးအောင် (၁၂ တန်း)၊ ထက်ဝေယံ (၁၀ တန်း)၊ ဟိန်းလင်း (၈ တန်း) နဲ့ ငြိမ်းချမ်း (ကျပန်းလုပ်သား) တို့ကို သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အခုနှစ် ဇွန် ၆ ရက် မနက်ကလည်း တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းမှာ Grade 6 ကျောင်းသား ၂ ယောက် ခိုက်ရန်ဖြစ်ပြီး ခဲတံချွန်ဓားနဲ့ ထိုးခဲ့ရာက တယောက် သေဆုံးခဲ့ပါတယ်။
အလားတူ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာ Grade 7 ကျောင်းသားအချင်းချင်း ရန်ဖြစ်ပြီး ကတ်ကြေးနဲ့ထိုးလို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။