Home
မြန်မာသတင်း
အမရပူရတွင် အလယ်တန်းပြဆရာမ ၁ ဦး ဓားဖြင့် ထိုးသတ်ပြီး ဆိုင်ကယ်လုခံရ
DVB
·
November 24, 2024

မန္တလေး၊ အမရပူရမြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက် မနက် ၁၁ နာရီခွဲလောက်က အလယ်တန်းပြ ဆရာမတယောက်ကို ဓာနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ္တန်းတိုးဂိတ်အကျော်မှာ အမျိုးသား ၂ ယောက်က အလယ်တန်းပြဆရာမ ၁ ယောက်ကို ဓားနဲ့ထိုးသတ်ပြီး ဆိုယ်ကယ်လုယက်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

"အမရပူရမှာ ဒီလထဲ လုယက်မှုဖြစ်တာ ၃ မှုရှိပြီ။ Denko ဆီဆိုင်ရယ်၊ မြို့ထဲမှာလုတာရယ်၊ အခု လုယက်မှုမှာတော့ မသေမချင်း ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်ယူသွားတယ်။ ဘယ်အမှုမှမမိဘူး။ ရဲတွေက လိုင်းကြေးတောင်းဖို့ပဲ သိတယ်” လို့ ပြောပါတယ်။

ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လုယက်ခံရသူဟာ အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ အထက်တန်းကျောင်းခွဲက အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင် ဖြစ်တယ်လို့ ပညာရေးမှူးရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ရဲဘက်က လုယက်သူ ၂ ယောက်ထဲက တယောက်မိတယ်လို့ ပြောတယ်။ ဟုတ် မဟုတ်တော့ မသိဘူး။ ဒါပေမဲ့ အမရပူရမှာ ရဲတွေက ဒုစရိုက်မှုကျူးလွန်တဲ့သူတွေကို မဖမ်းဘဲ လွှတ်ပေးထားမယ်ဆိုရင် လူသတ် လုယက်မှုတွေ ထပ်ဖြစ်နေမှာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက အမရပူရမြို့နယ်၊ မုတ်ပုလဲကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်မှာ အမျိုးသားတယောက်က သေနတ်ပစ်ဖောက်ပြီး ငွေ ၁၂ သိန်းကျော် လုယက်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်ကလည်း မှန်တန်းရပ်ကွက်၊ ဗားကရာကျောင်းကွေ့အနီးမှာ စျေးရောင်းပြီးပြန်လာတဲ့  အမျိုးသားတစ်ယောက် သေနတ်နဲ့ပစ်ပြီး လုယက်ခံခဲ့ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013