လုံခြုံရေးတိုးမြှင့်ထားတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၂ နာရီခွဲက Denko စက်သုံးဆီအရောင်းဆိုင်ကို အမျိုးသားတယောက်က သေနတ်ပစ်ဖောက် လုယက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမရပူရမြို့နယ်၊ မုတ်ပုလဲကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်ကို မနေ့ နေ့လယ် ၂ နာရီခွဲမှာ အမျိုးသားတယောက်က ဆိုင်ကယ်ဆီထည့်ချင်ဟန်ဆောင်ပြီး သေနတ်ပစ်ဖောက်ကာ ရောင်းရငွေတွေကို လုယက်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဆီဆိုင်မှာ ဆိုင်ကယ်ဆီထည့်တဲ့ပုံစံနဲ့ လုတာ၊ သေနတ်ပစ်ဖောက်တာ ငါးချက်လောက် ရှိမယ်၊ လူကို အန္တရာယ်မပေးဘဲ ရောင်းရငွေတွေပဲ လုသွားလို့ တော်သေးတယ်။ မြို့ခံတွေလည်း ကြောက်နေတယ်။”
လုယက်မှု မကြာခဏဖြစ်လို့ အမရပူရမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ထားပေမဲ့ လူသတ်၊ လုယက်မှုတွေက ဒီနေ့အထိဖြစ်နေကာ ပြစ်မှုကျူးလွန်သူတွေကို စစ်တပ်နဲ့ ရဲက ဖမ်းမိတာမရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“အာဏာသိမ်းပြီးကတည်းက ဓားနဲ့ခုတ်သတ်ပြီး လုတယ်၊ ၂၀၂၂ မှာ သေနတ်နဲ့ပစ်ပြီး လုတယ်၊ ၂၀၂၃ မှာ အုပ်စုဖွဲ့လုတယ်၊ ၂၀၂၄ မှာ သေနတ်ပစ်ပြီး လုတယ်၊ အဲဒီလူတွေ မိတယ်ဆိုတာ မရှိဘူး၊ မနေ့ကဆို Denko ဆီဆိုင်က ၁၂ သိန်းကျော် လုသွားတယ်။”
လုယက်မှုဖြစ်စဥ်အပြီးမှာ စစ်တပ်နဲ့ ရဲတွေက Denko ဆီဆိုင်က ကျည်ခွံတွေနဲ့ CCTV မှတ်တမ်းတွေကို ယူကာ ပြစ်မှုကျူးလွန်သူကို ပိတ်ဆို့ရှာဖွေခဲ့ပေမဲ့ ဖမ်းမမိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဗားကရာကျောင်းကွေ့အနီးမှာ စျေးရောင်းပြီးပြန်လာတဲ့ အမျိုးသားတယောက် သေနတ်နဲ့ပစ်ပြီး လုယက်ခံရတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။