ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ စန်းသော်တာရွှေဆိုင်ကို နိုဝင်ဘာ ၃ ရက် ဒီမနက်က အမျိုးသားတယောက်က ဝင်ရောက်လုယက်ခဲ့ရာမှာ ရပ်ကွက်လူတွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
စန်းသော်တာရွှေဆိုင်ကို ဒီနေ့မနက် ၈ နာရီဝန်းကျင်က အမျိုးသားတယောက် ရောက်လာပြီး ရွှေထည်ပစ္စည်းတွေ ပြခိုင်းကာ ဆိုင်ပိုင်ရှင်ကို ဓားနဲ့ထောက်ပြီး ရွှေထည်တွေကို လုယက်တာလို့ ဒေသခံ တယောက်က ပြောပါတယ်။
“လက်စွပ်လာဝယ်တဲ့ပုံစံနဲ့ ဆိုင်ထဲဝင်လုတာ အရောင်းဝန်ထမ်းကောင်မလေးက လက်စွပ်ထုတ်ပေးတဲ့ အချိန်။ ဆိုင်ရှင်ဦးလေးကြီးကို ဓားနဲ့ထောက်ပြီး ရွှေတွေပေးဖို့ တောင်းနေတဲ့အချိန် ဆိုင်လုံခြုံရေးက ရပ်ကွက်ကို အကူအညီတောင်းလိုက်တာ မိသွားတယ်။ ဆိုင်ရှင်တော့ ဓားဒဏ်ရာ ၄ ချက်ရ သွားတယ်။”
ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်သူနဲ့ ဆိုင်လုံခြုံရေးနဲ့ရပ်ကွက်နေသူတွေ လုံးထွေးသတ်ပုတ်နေစဥ် လှည့်ကင်းကားရောက်လာပြီး အဆိုပါ အမျိုးသားကို ထန်းတပင်မြို့မရဲစခန်းကို ခေါ် ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ဖြစ်နေတဲ့ဆိုင်ကလည်း ဖုန်းဆက်မှာပေါ့။ ရဲတွေ ရောက်လာပြီး ခေါ်သွားတာ။ ဆိုင်ရှင်ကို ထန်းတပင်ဆေးရုံ ပို့လိုက်တယ်။ သိပ်တော့မစိုးရိမ်ရဘူး။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ပြည်စုံထွန်းကို ထန်းတပင်မြို့မရဲစခန်းက စစ်ဆေးနေပါတယ်။
အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲကလည်း လှိုင်မြို့နယ် ၄ ရပ်ကွက် အေးရိပ်မွန် လမ်းမကြီးပေါ်မှာ မြရွှေယုံရွှေဆိုင်မှ ဆိုင်သိမ်းပြီးပြန်လာသည့်ကားကို သေနတ်နဲ့ ပစ်လို့ ရွှေ ၅ ပိဿာကျော် လုသွားတဲ့ အမျိုးသား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။