မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ လူရိုက်လုယက် ဓားပြတိုက်ခဲ့တဲ့အဖွဲ့ကို သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားတယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်း ပကဖ တာဝန်ခံက အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက်မှာ DVB ကို ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက်က ရှောက်ပင်(အောင်မြင်)ရွာနဲ့ ခေါက်ခူရွာကြားမှာ အုတ်လှရွာက ဒေသခံ ဦးအောင်သန်းဝင်းဟာ ရိုက်နှက်ခံရပြီး ဖုန်း၊ ရွှေလက်စွပ် ၂ ကွင်းနဲ့ ဆိုင်ကယ်ကို လုယက်ခံခဲ့ရတာပါ။
အဲဒီနောက် ရိုက်နှက်လုယက်ခံရသူ ဦးအောင်သန်းဝင်းထံ သွားရောက်မေးမြန်ပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ ဂန့်ဂေါဒေသ ကာကွယ်ရေးတပ်ဖွဲ့က တရားခံ ၄ ယောက်ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါတောင်ပိုင်း ပကဖ တာဝန်ခံက “ဓားပြတိုက်တဲ့နေရာမှာတော့ ၃ ဦးတည်းပဲ။ ဒီဓားပြတိုက်မှုကို စီမံပေးလိုက်တာ ဒီနေရာကို လွှတ်လိုက်တာကတော့ အမျိုးသမီးတယောက် ပါတယ်။ အဲဒီမှာ အမျိုးသား ၃ ယောက်က အဲနေရာမှာ ကြိုစောင့်ပြီး ရိုက်နှက် လုယက်တာပါ။ သူတို့ဆီမှာ ဦးအောင်သန်းဝင်းဆီက ရိုက်နှက်လုယက်ခဲ့တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။ အခု သူတို့ ၄ ယောက်ကို ထိန်းသိမ်းထားတယ်။ တရားစွဲဆိုပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ ကြိုးစားပြင်ဆင်နေတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ရိုက်နှက်လုယက်ခံရသူ ဦးအောင်သန်းဝင်းဟာ ခန္ဓာကိုယ်တခုလုံး ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရပြီး လုယက်ခံရတဲ့ သက်သေခံပစ္စည်းတွေကို ပြန်လည်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။
ဦးအောင်သန်းဝင်းကို ရိုက်နှက်လုယက်ခဲ့သူတွေကတော့ ပြည်မြို့ကနေ CDM ပြုလုပ်လာတဲ့ CDM စစ်သား ကိုကံကောင်း၊ ပျားကျေးရွာက ဒေါ်နှင်းမူ၊ ဒီပဲယင်း ခေါ် ကိုနေမျိုးထွန်းနဲ့ ဂန့်ဂေါမြို့မရပ်ကွက်က ကိုသားသားတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဂန့်ဂေါနယ်အတွင်းမှာ နောက်ထပ် ဒီလိုရိုက်နှက်လုယက်မှုတွေ မဖြစ်အောင် အသိပညာပေးတာတွေ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ လှုပ်ရှားမှု အချိန်နဲ့အမျှ စောင့်ကြည့်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဂန့်ဂေါပကဖက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် ညကလည်း ဂန့်ဂေါနယ်မြောက်ပိုင်းက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေ မွှေ့လယ်ရွာမှာ နာရေးအိမ် ဖဲဝိုင်းကအပြန် လူသတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ဂန့်ဂေါပလဖနဲ့ နီးစပ်သူက DVB ကို ပြောထားပေမဲ့ လက်ရှိမှာတော့ တရားခံကို အရေးယူဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။