Home
မြန်မာသတင်း
UAB ဘဏ်ယာဥ်မောင်းက ငွေကျပ်သိန်း ၁,၃၀၀ ကျော်နှင့် ဘဏ်ပိုင်ယာဥ်ကို လုယက်
DVB
·
October 10, 2024

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ UAB စမ်းချောင်းဘဏ်ခွဲက ယာဉ်မောင်းဝန်ထမ်းဟာ ဘဏ်ရဲ့ ဒုတိယငွေကြေးတာဝန်ခံကို ဓားနဲ့ထောက်ပြီး ငွေကျပ်သိန်း ၁,၃၀၀ ကျော်နဲ့ ဘဏ်ပိုင်မော်တော်ယာဥ်ကို အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက လုယက် ထွက်ပြေးသွားကြောင်း ဘဏ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ UAB စမ်းချောင်းဘဏ်ခွဲက ယာဥ်မောင်းဝန်ထမ်း မြတ်မင်းထိုက်ဟာ ဘဏ်ရဲ့ ဒုတိယငွေကြေးတာဝန်ခံက UAB ဘဏ်ရုံးချုပ်မှာ ထုတ်ယူလာတဲ့ ငွေကျပ်သိန်း ၁,၃၀၀ ကို လမ်းခုလတ်အရောက်မှာ ဓားထောက်ခြိမ်းခြောက်ကာ လုယက်သွားတယ်လို့ ဘဏ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“နေ့လယ် ၁၂ ခွဲလောက်က ဓားထောက်ပြီး လုယူသွားတာပါ။ လက်ကိုင်ဖုန်းတလုံးနဲ့ ဘဏ်ပိုင်ကားလည်း ပါသွားတယ်။ ကမာရွတ်ရဲစခန်းမှာတော့ အမှုဖွင့်ထားတယ်။ ဒီနေ့ထိတော့ ဖမ်းဆီးရမိတာ မကြားရသေးပါဘူး။”

UAB စမ်းချောင်းဘဏ်ခွဲမှ ဒုတိယငွေကြေးတာဝန်ခံ ဒေါ်ဖြိုးသန္တာကျော်ဆီက ဘဏ်ထုတ်ငွေ ကျပ်သိန်း ၁၃၇,၇၃၈,၉၅၀ ကျပ်နဲ့ လက်ကိုင်ဖုန်းအပြင် ဘဏ်ပိုင်မော်တော်ယာဥ် YGN-40, 4L/3922 Suzuki အဖြူရောင် ပစ်ကပ်မော်တော်ယာဥ်ကို လမ်းခုလတ်မှာ ဓားထောက်လုယူ ထွက်ပြေးသွားကြောင်း သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ UAB ဘဏ် ယာဥ်မောင်းဝန်ထမ်းဖြစ်သူ မြတ်မင်းထိုက်ကို ကမာရွတ်ရဲစခန်းက (ပ)၁၈၂/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်လှစ်ထားကြောင်းနဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးရမိတာ မရှိသေးကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013