Home
မြန်မာသတင်း
မြောက်ဥက္ကလာပတွင် ခိုးမှု၊ လုယက်မှုနှင့် ခါးပိုက်နှိုက်မှု များလာ
DVB
·
August 4, 2024

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဖောက်ထွင်းခိုးယူတာ၊ လုယက်တာတွေနဲ့ ခါးပိုက်နှိုက်တာတွေ အဖြစ်များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ခါးပိုက်နှိုက်တွေဟာ အုပ်စုဖွဲ့လှုပ်ရှားတတ်ကြပြီး မထင်မှတ်ထားတဲ့ပုံစံမျိုး သန့်သန့်ပြန့်ပြန့်တွေ ဖြစ်တယ်လို့ ဩဂုတ် ၂ ရက် ညနေ ၄ နာရီလောက်င YBS ၃၂ ပေါ်ကနေ မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်က ဆင်းတဲ့အချိန် iPhone 15 တလုံးကို အုပ်စုဖွဲ့ခါးပိုက်နှိုက်ခံခဲ့ရသူတယောက်က ပြောပါတယ်။

“သာကေတကနေအပြန် အဝိုင်းအဆင်းမှာ အနှိုက်ခံလိုက်ရတာပါ။ အိတ်ကိုလက်နဲ့ဖက်ထားလို့ ခွဲတော့ မသွားဘူး။  ကားအဆင်းမှာ အလုခံရမှာစိုးလို့ ဘောင်းဘီအိတ်ထဲထည့်ပြီး လက်နဲ့ ဖုံးထားတာ။ သူတို့က ပိတ်ရပ်နေတာ။ ခရီးသည်တွေက ဆင်းလို့မရဘူး။ ကားဆရာက အပေါက်မပိတ်ဖို့ လှမ်းအော်ပြီး ဘရိတ်နင်းလိုက်တော့ ကျနော်က တန်းကိုလှမ်းကိုင်လိုက်တဲ့အချိန်မှာပဲ ဖြစ်သွားတာ။ ခါးပိုက်နှိုက် ၄ ယောက်လောက်ပါတယ်။ ခါးပိုက်နှိုက်လို့ မထင်ရအောင် တော်တော် သန့်သန့်ပြန့်ပြန့်တွေ ဝတ်ထားတာ”

ဩဂုတ် ၁ ရက် ညနေ ၆ နာရီလောက်ကလည်း သုဓမ္မာလမ်းမပေါ်  မြောက်ဥက္ကလာအဝိုင်းဘက် ဣန္ဒာမှတ်တိုင်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦး ကိုင်ဆောင်ထားတဲ့ အပြာရောင် iPhone 15 ကို အမျိုးသား ၂ ယောက်က လုယက်ခဲ့ပြီး အသင့်စောင့်နေတဲ့ အိမ်စီးကား ယာဉ်အမှတ် 3D- 2337 နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် ညပိုင်းမှာလည်း ဥက္ကလာပရထားဘူတာအနီးက ကုန်စုံဆိုင် ဝင်ရောက်ဖောက်ထွင်း ခံခဲ့ရတာကြောင့် လက်ကိုင်ဖုန်း ၃ လုံးနဲ့ ငွေသား သိန်းဂဏန်းလောက် ပျောက်ဆုံးခဲ့ရပါတယ်။

ဒီလို ခိုးဆိုးလုနှိုက်မှုတွေ ဖြစ်ပေါ်နေပေမဲ့ ရဲစခန်းကိုသွားရောက်တိုင်တန်းရင် အမှုဖွင့်ဖို့အတွက် စာရွက်စာတမ်းကြေးလို့ဆိုပြီး ငွေကြေးထပ်တောင်းခံတာမျိုးတွေလည်းရှိနေသလို လုယက်သူတွေကိုလည်း ဖမ်းဆီးနိုင်တာမျိုးမရှိသေးဘူးလို့ ဘက်ထရီစက်ဘီးပျောက်သွားတဲ့ မြို့ခံတယောက်က ပြောပါတယ်။

“ဘက်ထရီစက်ဘီးပျောက်လို့ သွားတိုင်တာ။ ဂိတ်မှာတင် ၅,၀၀၀ ပေးခဲ့ရတယ်။ ၄ လလောက်ကြာပြီ၊ အခုထိ မမိဘူး”

ဇူလိုင် ၂၇ ရက် မနက် ၇ နာရီလောက်ကလည်း သုဓမ္မာလမ်းမနဲ့ သုနန္ဒာလမ်းထောင့် မီးပွိုင့်အနီးမှာ ဘေးတွဲဆိုင်ကယ်တစီး ဓားထောက်လုယက်ခံခဲ့ရသလို ဆိုင်ကယ်မောင်းသူကို ဓားနဲ့ ထိုးခဲ့တာကြောင့် ညာဘက်လက်မောင်းပြတ်ရှဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်မှာ အွန်လိုင်းရှော့ပ်လုပ်ငန်းအိမ်က ရွှေ ၇ ကျပ်သားနဲ့ ငွေကျပ် ၈၉ သိန်း လုယက်ဓားပြတိုက်ခံရမှုက တရားခံတွေကို မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့အနေနဲ့ ၁ နှစ်ကျော်ကြာတဲ့အထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013