တရုတ်နိုင်ငံ၊ ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့ရှိ ဖှူထျန်းဆိပ်ကမ်းမှာ မြွေအရှင် ၁၀၄ ကောင်ကို ဘောင်းဘီအိတ်ကပ်တွေထဲ ခိုးဝှက်သယ်ဆောင်လာတဲ့ အမျိုးသားတဦးကို အကောက်ခွန်အရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။
ဖှူးထျန်းဆိပ်ကမ်းမှာ အသိပေးကြေညာစရာ မရှိတဲ့ ခရီးသည်တွေအတွက် လမ်းကြောင်းကနေ ဖြတ်သန်းလျှောက်သွားတဲ့ မှောင်ခိုသမား အမျိုးသားရဲ့ပုံကို ပြထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းကို တရုတ်အကောက်ခွန်က ဇူလိုင် ၉ ရက်မှာ ထုတ်ပြခဲ့ပါတယ်။
ဗီဒီယိုရိုက်ကူးတဲ့ နေရာနဲ့ ရက်စွဲကိုတော့ ရိုက်တာက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ အရာရှိတွေက အဲဒီအမျိုးသားကို ကြားဖြတ်ဟန့်တားပြီး ရှာဖွေခဲ့ရာမှာ သူ့ဘောင်းဘီအိတ်ကပ်အတွင်းမှာ ကပ်ခွာတိပ်နဲ့ ပိတ်ကပ်ထားတဲ့ ကင်းဗတ်အိတ် ၆ အိတ်ကို တွေ့ရှိခဲ့ပါတယ်။
အဲဒီကင်းဘတ်အိတ်တွေထဲမှာ ကွဲပြားတဲ့ မြွေမျိုးစိတ် ၅ မျိုးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး အဲဒီထဲက မျိုးစိတ် ၃ ခုဟာ တရုတ်နိုင်ငံမှာမရှိတဲ့ နိုင်ငံခြားမျိုးစိတ်တွေဖြစ်ကြောင်း သိရပါတယ်။
အဲဒီအမျိုးသားကို တိရစ္ဆာန်တင်သွင်းမှုနဲ့ ဇီဝလုံခြုံမှုဆိုင်ရာ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်မှုနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Source-Reuters