အင်္ဂလန်-စပိန်ပွဲ ကြီးကျယ်သည့်ဗိုလ်လုပွဲ ဖြစ်လာမည်ဟု စပိန်နည်းပြဆို
အင်္ဂလန်နဲ့ကစားရမယ့် ဗိုလ်လုပွဲဟာ အကြိတ်အနယ်ရှိမယ့် ကြီးကျယ်တဲ့ပွဲဖြစ်ကြောင်း စပိန်နည်းပြက ပြောကြားခဲ့ပါတယ်။
ယူရိုဗိုလ်လုပွဲမှာ ရေပန်းအစားဆုံးဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ယူရိုပြိုင်ပွဲတလျှောက် ခြေစွမ်းပြနေတဲ့ စပိန်အသင်းတို့ ဗိုလ်လုရမှာပါ။
စပိန်နည်းပြ ဖလူရန်တေးက “ယူရိုဗိုလ်လုပွဲဟာ ပြိုင်ဘက် ကစားသမားကောင်းတွေ ခြေစွမ်းက အဲဒီပွဲကို ပိုပြီး စိတ်လှုပ်ရှားစေပါတယ်။ အင်္ဂလန်နဲ့ စပိန်တို့ရဲ့ ဗိုလ်လုပွဲက ကြီးကျယ်တဲ့ပွဲတပွဲ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၃ ကြိမ် ဗိုလ်စွဲထားပြီး အင်္ဂလန်အသင်းက အမြင့်ဆုံး ဒုတိယသာ ရခဲ့ဖူးပါတယ်။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ ၄ ကြိမ်မှာ ၃ ကြိမ် ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ နှစ်ပေါင်း ၆၀ အတွင်း အောင်မြင်မှုမရသေးဘဲ ပထမဆုံးအကြိမ် ယူရိုဖလား ကိုင်မြောက်ခွင့်ရဖို့ ပစ်မှတ်ထားနေပါတယ်။
ယူရိုပြိုင်ပွဲတွင် ကစားခွင့်ရရန် မစဉ်းစားမိခဲ့ကြောင်း ဝက်ကင်စ် ဖွင့်ဟ
ယူရိုပြိုင်ပွဲမှာ ကစားခွင့်ရဖို့ကိုတောင် မစဉ်းစားမိခဲ့ကြောင်း အင်္ဂလန်ရဲ့ အနိုင်ဂိုးသွင်းပေးခဲ့သူ အိုလီ ဝက်ကင်စ်က ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ တဖက်တဂိုးစီ သရေကျနေချိန်မှာ အသင်းအတွက် အနိုင်ဂိုးကို အရန်ခုံက လူစားဝင်လာတဲ့ ဝက်ကင်စ်က သွင်းယူပေးခဲ့တာပါ။
ဝက်ကင်စ်က “အင်္ဂလန်အသင်းအတွက် ယူရိုပြိုင်ပွဲမှာ ကစားပေးခွင့်ရမယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ကျနော် အရမ်းကြိုးစားခဲ့ပါတယ်” လို့ ပြောပါတယ်။
နယ်သာလန်ကို အနိုင်ရခဲ့တာကြောင့် အင်္ဂလန်အသင်းဟာ ယူရိုဗိုလ်လုပွဲမှာ စပိန်အသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ယူရိုဗိုလ်လုပွဲကို တက်ရောက်နိုင်တာက အင်္ဂလန်အသင်းအတွက် ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပင်နယ်တီပေးခဲ့သည့် ဒိုင်ကို နယ်သာလန်နည်းပြနှင့် ပရိသတ်များ ဝေဖန်
အင်္ဂလန်နဲ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နယ်သာလန်ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ နယ်သာလန်က ဦးဆောင်ဂိုးရခဲ့ပြီး ၁၁ မိနစ်အကြာမှာ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး အင်္ဂလန်ကို ပင်နယ်တီပေးခဲ့တာပါ။
VAR နဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က ဘောလုံးပွဲတွေကို ဖျက်ဆီးနေတာဖြစ်တယ်လို့ နယ်သာလန်နည်းပြကလည်း ဝေဖန်ထားပါတယ်။
ဟယ်ရီကိန်းရဲ့ ကန်ချက်ကို နောက်ခံလူက ကာကွယ်ခဲ့ခြင်းသာဖြစ်လို့ အဲဒီအဖြစ်အပျက်ကို ပင်နယ်တီ မပေးသင့်ဘူးလို့ ကိုးမန်းက ထောက်ပြခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၈၈ ခုနှစ်က ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း ယူရိုဆီမီးဖိုင်နယ်ကနေ ၄ ကြိမ်မြောက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ပရိသတ်များယုံကြည်
အင်္ဂလန်အသင်း ယူရိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပရိသတ်တွေက ဆိုပါတယ်။
ယူရိုပြိုင်ပွဲတလျှောက် အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေနဲ့ ဝေဖန်မှု ပြုလုပ်ခဲ့ကြပေမဲ့ အင်္ဂလန်အသင်းက ဗိုလ်လုပွဲတက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်နဲ့ပွဲအပြီးမှာ ပရိသတ်များ အောင်ပွဲခံခဲ့ကြပါတယ်။
ပရိသတ်တဦးဖြစ်တဲ့ ရမ်နိုရာက “ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ ကစားပုံ အရမ်းကောင်းတယ်။ ကျနော်အကြိုက်ဆုံးဂိုးကတော့ အိုလီရဲ့ အနိုင်ဂိုးပါပဲ။ ယူရိုပြိုင်ပွဲမှာ ကျနော်တို့ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ် တာဝန်ယူချိန်မှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ပျော်ရွှင်ခွင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters