မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့မရဲစခန်းကို ဇူလိုင် ၉ ရက် မနက်စောပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ စလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
စလင်း ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ပစ်မှတ်ကွင်းထဲကို အတည့်ကျပါတယ်။ အဆောက်အဦတချို့ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။ အနည်းဆုံး ရဲ ၆ ယောက်လည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိသွားကြတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်” လို့ DVB ကို ပြောပါတယ်။
ဒဏ်ရာရရှိသွားကြတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို နေပြည်တော်ဆေးရုံကို ပို့လိုက်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စလင်း ပကဖ တာဝန်ခံတဦးက “ပြည်သူ့အပေါ်မှာ အခုထိ အနိုင်ကျင့် ဗိုလ်ကျပြီး စစ်ကောင်စီအလိုက် အကြိုက်ဆောင်ပေးပြီး ပြည်သူ့ရင်ခွင် မခိုလှုံတဲ့သူတွေကို သတိပေးလိုက်တဲ့သဘောပါ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB က စလင်းမြို့မရဲစခန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။
စလင်းမြို့နယ်အခြေစိုက်၊ မင်းဘူးခရိုင်၊ အမှတ် ၁ နဲ့ အမှတ် ၅ တပ်ရင်းတွေကလည်း စလင်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးအရှိန်တွေ တိုးမြှင့်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တပ်သားတဦးကို သေနတ်တလက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Generation Z Army (GZA) ရဲ့ စစ်ရုံးချုပ်က ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Generation Z Army (GZA) ရဲ့ စစ်ရုံးချုပ်ရဲ့ တာဝန်ခံတဦးက “ဂန့်ဂေါမြို့ပေါ်ကနေ မြစ်ဆိပ်ကို ရေချိုးဆင်းလာတဲ့ ရဲတပ်သားတဦးကို သေနတ်တလက်နဲ့အတူ သတင်းအရ ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာပါ” လို့ DVB ကို အတည်ပြု ပြောပြပါတယ်။
ဖမ်းဆီးရမိတဲ့ ရဲတပ်သားဟာ အသက် ၂၃ နှစ်အရွယ် ရဲထက်မြတ် ဆိုသူဖြစ်ပြီး ဂန့်ဂေါမြို့မရဲစခန်းမှာ တွဲဖက်တာဝန်နဲ့ ရောက်ရှိနေသူတဦးဖြစ်ကာ သူနဲ့အတူ G3 သေနတ်တလက်၊ ကျည်ဘောက်တခုနဲ့ ကျည်ဆန် ၁၂ တောင့်တို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
GZA ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေရတာကြောင့် အခုမှ သတင်းထုတ်ပြန်ရတာ ဖြစ်ပါတယ်။ သူ့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီပဲ ဆက်လက်ထိန်းသိမ်းထားပြီး အထက်အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းပေးသွားဖို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
GZ မျိုးဆက်တပ်တော် (GZA) ဟာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်မှာ ကျင်ဒွေးမြို့ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာလည်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို ဇူလိုင် ၈ ရက် ညနေ ၆ ခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chaung U People Defense Force (CHU PDF) ဆီက သိရပါတယ်။
CHU-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ချောင်းဦးမြို့အထွက်က တံတားနားမှာရှိတဲ့ သုံးထပ်တိုက်မှာ တပ်စွဲနေတဲ့ စစ်သားတွေထဲက ၂ ကောင်က ဆိုင်ကယ်နဲ့ထွက်လာချိန် တံတားနဲ့သိပ်မဝေးတဲ့ ဘောလုံးကွင်းနားမှာပဲ ရဲဘော်တွေ စောင့်ပစ်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကနေ G3 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ဘောက် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
“ချောင်းဦးမြို့ပေါ်မှာ ကြေးနီကားတွေ လုံခြုံရေးအတွက် စစ်သား ရာကျော် ရှိနေတယ်။ ဆက်လက်ပြီးလည်း အခွင့်သာရင်သာသလို တိုက်ခိုက်သွားမှာပါ” လို့ CHU-PDF ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။
ချောင်းဦးမြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မန္တလေး-မုံရွာကားလမ်းမှာ ဖြတ်သန်း သွားလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ ကြေးနီသယ်ယာဥ်တွေကို လုံခြုံရေးယူပေးဖို့ ရောက်ရှိနေကြတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၆ ရက်ကလည်း ချောင်းဦးမြို့မစျေးကို စျေးဝယ်ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တဦးကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဓားနဲ့ အနီးကပ်ထိုးပြီး ကိုင်ဆောင်တဲ့ BA 63 (G3) သေနတ် ၁ လက်၊ 7.62 ကျည်အတောင့် ၄၀၊ ကျည်ဘောက် ၂ ခုနဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။