မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ရိုက်နှက်လုယက်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုတ်လှရွာသား အသက် ၄၀ ကျော် အရွယ် ဦးအောင်သန်းဝင်းဟာ အလုပ်ကိစ္စနဲ့ ခရီးသွားနေတုန်း ရှောက်ပင်(အောင်မြင်)ရွာနဲ့ ခေါက်ခူရွာကြားလမ်းမှာ ရိုက်နှက်လုယက်ခံလိုက်ရတာလို့ ဆိုပါတယ်။
ဦးအောင်သန်းဝင်းနဲ့ နီးစပ်သူတယောက်က “သူက အလုပ်ကိစ္စနဲ့သွားတာ။ ချိန်းထားတဲ့တယောက်ကို စောင့်နေတုန်း လူ ၃ ယောက်က သူ့ကို ဖမ်းချုပ်ပြီး ကတ္တရာလမ်းနဲ့ မိုင်ဝက်ခန့်အကွာ တောထဲကို ဖမ်းခေါ်ပြီး ရိုက်တယ်။ ဆိုင်ကယ် ၁ စီး၊ ငါမူးသားလက်စွပ် ၁ ကွင်း၊ တမတ်သားလက်စွပ် ၁ ကွင်းနဲ့ သူ ကိုင်နေတဲ့ Oppo ဖုန်းကိုယူသွားတယ်။ အိတ်ကပ်ထဲပါတဲ့ ပိုက်ဆံ ၂,၀၀၀ လည်းယူသွားတယ်” လို့ပြောပါတယ်။
ရိုက်နှက်လုယက်ခံရတဲ့ ဦးအောင်သန်းဝင်းရဲ့ ခန္ဓာကိုယ်တခုလုံးမှာ ဒဏ်ရာတွေရတာကြောင့် ဆေးကုသနေရတယ်လို့လည်း သိရပါတယ်။
လုယက်ဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာများပြီး ဒေသခံကာကွယ်ရေးတပ်တွေ ထိန်းချုပ်မှု အားကောင်းတဲ့နေရာ ဖြစ်တာကြောင့် ဒါမျိုး လုယက်မှုဖြစ်စဉ်တွေ မဖြစ်သင့်ဘူးလို့ ဂန့်ဂေါနယ် မြောက်ပိုင်း မွှေ့လယ်ရွာ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတာဝန်ခံကတော့ နစ်နာသူ ဦးအောင်သန်းဝင်းဆီကို သွားရောက်မေးမြန်းထား စုံစမ်းစစ်ဆေးနေတာရှိပြီး အမြန်ဆုံး အရေးယူနိုင်အောင် ဆောင်ရွက်နေတယ်လို့ DVB ကိုပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ညကလည်း ဂန့်ဂေါနယ်မြောက်ပိုင်းက ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေ မွှေ့လယ်ရွာမှာ နာရေးအိမ်ဖဲဝိုင်းကအပြန် လူသတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ ဂန့်ဂေါပလဖနဲ့နီးစပ်သူက DVB ကို ပြောထားပါတယ်။