စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် ပျဥ်းမနားမြို့မှာ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနဲ့ ဆရာမကို ဒုတိယနှစ်ကျောင်းသားတယောက်က ဓားနဲ့ခုတ်ပြီး လုယက်ခဲ့တာကြောင့် ဆရာမ သေဆုံးသွားပြီး ကျောင်းအုပ်ကြီးကတော့ ဒဏ်ရာရသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် မနက် ၄ နာရီက ပျဥ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း ဝန်ထမ်းလိုင်းခန်း အိမ်ရာမှာ နေထိုင်တဲ့ ကျောင်းအုပ်ကြီးနဲ့ ကွင်းဆင်းလက်ထောက် ဆရာမကို ကျောင်းသား လူငယ်တယောက်က ဝင်ရောက်လုယက်ခဲ့တာဖြစ်တယ်လို့ လိုင်းခန်းမှာ နေထိုင်တဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။
“လက်ထောက်ဆရာမကို ဓားနဲ့ခုတ်ပြီး ဝင်လုတာ။ ကျောင်းအုပ်ကြီးက မြင်သွားတော့ ကျောင်းအုပ်ကြီးကိုပါ ဓားနဲ့ခုတ်ပြီး ထပ်လုတာ။ လက်ထောက်ဆရာမ သေသွားတယ်။ ကျောင်းအုပ်ကြီးက အရေးပေါ်တင်ထားရတယ်။ ခုတင် ၂၀၀ မှာ။”
လုယက်သူမှာ ဖြူးမြို့နယ်မှ စိုက်ပျိုးရေးသိပ္ပံတက်နေတဲ့ ဒုတိယနှစ်ကျောင်းသား တယောက် ဖြစ်ပြီး မနက် ၁၀ နာရီခွဲက ဘောဂသီရီကားဝင်းအတွင်း ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ဘောဂသီရီကားဝင်း နေကြယ်မင်းကားဂိတ်မှာ မိတယ်။ ပျဥ်းမနားရဲစခန်းက စစ်နေတယ်။”
ပြစ်မှုကျူးလွန်သူ မျိုးမင်းသူကို ပျဥ်းမနားမြို့မရဲစခန်းက (ပ)အမှတ် ၃၅၇/၂၀၂၄/ပုဒ်မ ၃၀၂/၃၀၄ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။
အောက်တိုဘာ ၃ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ အမျိုးသမီးတယောက်ကို သတ်ပြီး ရွှေတွေလုယက်ခံခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိပါတယ်။