ဂျော်ဂျီယာသူနာပြုကျောင်းသူ လေကံရိုင်လီကို သတ်ဖြတ်မှုအတွက် ဗင်နီဇွဲလားနိုင်ငံက လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတယောက်ကို အမေရိကန်တရားရုံးက ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ် နိုဝင်ဘာ ၂၀ ရက်က ချမှတ်ခဲ့ပါတယ်။
ဒီအမှုဟာ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် မဲဆွယ်ကာလအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြခဲ့တဲ့အမှု ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဟိုဆေး အီဘာရာဟာ အမေရိကန်နိုင်ငံဆီ တရားမဝင် ဝင်ရောက်ခဲ့ပြီး အာသင်စ်ကလာ့ခ်မြို့နယ်၊ အထက်တန်းတရားရုံးက တရားသူကြီး ပက်ထရစ် ဟက်ဂဒ်က သူဟာ လူသတ်မှုနဲ့ တခြားစွဲချက်တွေအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
တရားသူကြီးက စီရင်ချက်ကို အသံကျယ်ကျယ် ဖတ်ပြနေချိန်မှာ ရိုင်လီရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ငိုကြွေးနေပြီး အီဘာရာကတော့ မျက်နှာသေနဲ့ ထိုင်နေခဲ့ပါတယ်။
အီဘာရာဟာ ဂျူရီအဖွဲ့ ရုံးချိန်းမှာ သူ့အခွင့်အရေးကို စွန့်လွှတ်ပြီးတဲ့နောက် ဟားဂက်က သက်သေအထောက်အထားတွေကို ကြားနာခဲ့ပြီး စီရင်ချက်ချခဲ့ပါတယ်။
အီဘာရာဟာ ဖေဖော်ဝါရီ ၂၂ ရက်က တောအုပ်တခုထဲမှာ အပြေးလေ့ကျင့်နေတဲ့ အသက် ၂၂ နှစ် ရှိပြီဖြစ်တဲ့ ရိုင်လီကို တွေ့ပြီး မုဒိမ်းကျင့်ဖို့ ကြိုးပမ်းတာကို ရိုင်လီက ခုခံလို့ သတ်ပစ်ခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ရိုင်လီဟာ အေသင်မြို့ ဩဂတ်စတာတက္ကသိုလ်က သူနာပြုကျောင်းသူပါ။ ရိုင်လီဟာ ကိုယ်ကျိုးမဖက်ဘဲ ဂရုစိုက်တတ်ပြီး အပြေးလေ့ကျင့်တာကို နှစ်သက်သလို သူတပါးကို ပြုစု ဝန်ဆောင်မှုပေးဖို့ ပိုင်းဖြတ်ထားသူဖြစ်တယ်လို့ သူ့မိသားစုနဲ့ သူငယ်ချင်းတွေက စီရင်ချက်မချမီ ရုံးကိုတင်ပြတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
တောင်ပိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ မှားယွင်းပြောဆိုရာမှာ ထရမ့်ပ်နဲ့ တခြား ရီပတ်ဘလီကန် ပါတီဝင်တွေက မကြာခဏဆိုသလို ရိုင်လီရဲ့အမှုကို ကိုးကား ပြောဆိုကြပါတယ်။
ရွေးကောက်ခံသမ္မတ ထရမ့်ပ်ဟာ ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ရွှေ့ပြောင်းအခြေချသူတွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ ကတိပြုထားပါတယ်။
Source : Reuters