Home
နိုင်ငံတကာ
ဗင်နီဇွဲလား ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမီးလောင်မှုဖြစ်အပြီး လူ ၁၁ ဦးကို ဖမ်းဆီး
DVB
·
November 19, 2024
Photo : REUTERS / VENEZUELAN GOVERNMENT TV

ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်း မိုနဂါ့စ်ဒေသရှိ မတ်စ်ကာ ဓာတ်ငွေ့စက်ရုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် လူ ၁၁ ယောက်ကို ဖမ်းဆီးထားကြောင်း ဗင်နီဇွဲလား ဒုတိယသမ္မတနဲ့ ရေနံဝန်ကြီး ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုဝင်ဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA က လည်ပတ်နေတဲ့ နိုင်ငံရဲ့ အဓိက ဓာတ်ငွေ့ဖြန့်ဖြူးရေး အဆောက်အအုံမှာ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားပြီးနောက် စက်ရုံကို ယာယီပိတ်ထားခဲ့ပြီး အလုပ်သမား ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး တချို့နေရာတွေကို လျှပ်စစ်ဓာတ်အား ခွဲတမ်းနဲ့ပဲ ဖြန့်ဖြူးပေးခဲ့ရပါတယ်။

ဒီဖြစ်ရပ်တွေမှာ တာဝန်ရှိသူ ၁၁ ယောက်ကို ခြေချုပ်ချ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးခံနေရကြောင်းနဲ့ ဒီအမှုနဲ့ဆက်စပ်နေတဲ့ နိုင်ငံခြားသားတယောက်ကလည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ ရက်ကပဲ နိုင်ငံကနေ ထွက်ပြေးသွားပြီလို့ ဒုတိယသမ္မတနဲ့ ရေနံဝန်ကြီး ရိုဒရီဂွက်ဇ်က ဆိုပါတယ်။

ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမီးလောင်မှုကြောင့် နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ဒေါ်လာ ၁၅၇ ဒသမ ၈ သန်း ထိခိုက်နစ်နာခဲ့တယ်လို့လည်း ရိုဂရီဂွက်ဇ်က ပေြာပါတယ်။

အဲဒီပမာဏဟာ မတ်စ်ကာ ဓာတ်ငွေ့စက်ရုံ ပေါက်ကွဲမှုဖြစ်ရပ်နဲ့သာ သက်ဆိုင်သလား၊ ဒါမှမဟုတ် တခြားကိစ္စရပ်တွေရော ပေါင်းတွက်ထားသလား ဆိုတာတော့ မသေချာသေးပါဘူး။

ဗင်နီဇွဲလားအစိုးရကတော့ ဩဂုတ်လတုန်းက နိုင်ငံတဝန်း မီးပျက်သွားခြင်း အပါအဝင် ရေနံနဲ့ ဓာတ်အားပေးစက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အဖျက်အမှောင့်နဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ ရှိနေတယ်လို့ ထပ်ခါတလဲလဲ ပြောကြားထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013