ဗင်နီဇွဲလားဟာ အမေရိကန် ၃ ယောက်နဲ့ တခြားသူ ၂ ယောက်ကို အကြမ်းဖက်လုပ်ရပ်တွေ အတွက် ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါးဒိုး ကာဘဲလ်ယိုက အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပြီး တောင်အမေရိကနိုင်ငံမှာ နိုင်ငံခြား အကျဉ်းသားအရေအတွက် တိုးလာတယ်လို့လည်း ဆိုပါတယ်။
ဘိုလီးဗီးယားတယောက်နဲ့ ပီရူးတယောက်တို့ ပါဝင်တဲ့ အကျဉ်းသားစာရင်းသစ်အရ ဗင်နီဇွဲလားနိုင်ငံရှိ နိုင်ငံခြားအကျဉ်းသားဦးရေမှာ အနည်းဆုံး ၁၂ ယောက်အထိ ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အာဏာပိုင်တွေဟာ တခြားအမေရိကန်နိုင်ငံသား ၄ ယောက်၊ စပိန်နိုင်ငံသား ၂ ယောက်နဲ့ ချက်နိုင်ငံသား ၁ ယောက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ပြောခဲ့ပြီး အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ အမေရိကန်စစ်သားတယောက်လည်း ပါဝင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ကာဘဲလ်ယိုက အဲဒီအမေရိကန် ၃ ယောက်တို့ကို ဘယ်သူဘယ်ဝါတွေဆိုတာ ဖော်ထုတ်ခဲ့ပေမဲ့ အကျဉ်းသားတွေရဲ့ တခြားအချက်အလက်တွေနဲ့ သူတို့ ဘာကြောင့် အဖမ်းခံထားရတယ် ဆိုတာတွေကိုတော့ မဖော်ပြထားပါဘူး။
ကာဘဲလ်ယိုက “ဖမ်းမိထားတဲ့ အမေရိကန်တွေထဲက အာရွန်ဘားရတ်လိုဂန်က ဟက်ကာ အထူးပြုပြီး သူ့ဖုန်းထဲမှာ သူဟက်ကာလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ရှိတွေအကြောင်း အချက်အလက်တွေ ပါပါတယ်” လို့ ပြောပါတယ်။
ဂရီဂိုရီ ဒေးဗစ်ဝါဘာကတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ တွေမှာ ဆိုက်ဘာနက်ဖျက်မှု ကျူးလွန်ဖို့ မစ်ရှင်ကို လက်ခံရရှိတဲ့ တခြားဟက်ကာတယောက် ဖြစ်ပြီး သူလုပ်ဆောင်နေတဲ့ စစ်ဆင်ရေး ဓာတ်ပုံတွေလည်း ပါတယ်လို့ ဆိုပါတယ်။
နောက်ထပ်တယောက်ကတော့ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာ သူလုပ်ဆောင်မယ့် အကြမ်းဖက် လှုပ်ရှားမှုတွေအတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် အကူအညီပေးဖို့ သူ့ရဲ့တာဝန်က ဆက်စပ်နေပါတယ်လို့လည်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဝါရှင်တန်အနောက်ပိုင်းခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေရုံးမှ ၂၀၂၁ ခုနှစ် သတင်းထုတ်ပြန်ချက်အရ သူတို့ထဲက ဂရီဂိုရီဒေးဗစ်ဝါဘာ အမည်ရှိ အမျိုးသားဟာ လွန်ခဲ့တဲ့ ၃ နှစ်က မက္ကဆီကို မူးယစ်ဂိုဏ်းတခုအတွက် မူးယစ်ဆေးဝါး ဒေါ်လာထောင်ပေါင်းများစွာကို bitcoin သုံးကာ ခဝါချပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးခဝါချမှု စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်း သိရပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရဲ့ အစိုးရဟာ အတိုက်အခံတွေနဲ့ နိုင်ငံခြားသား အကျဉ်းသားတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စီစဉ်လုပ်ဆောင်ဖို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) လို အမေရိကန်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြံစည်နေကြောင်း ပုံမှန်စွပ်စွဲလေ့ ရှိပါတယ်။
ကာရာကတ်စ်နဲ့ ဝါရှင်တန်တို့အကြား လအတန်ကြာ ညှိနှိုင်းပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဗင်နီဇွဲလားဟာ အမေရိကန်နိုင်ငံသား ၁၀ ယောက် အပါအဝင် အကျဉ်းသား ဒါဇင်ပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်ကလည်း သမ္မတ မာဒူရိုရဲ့ ရင်းနှီးတဲ့ မဟာမိတ်လည်းဖြစ်တဲ့ ကိုလံဘီယာ စီးပွားရေးသမား အဲလက်ခ်စ် ဆာ့ဘ်ကို လွှတ်ပေးခဲ့ပါတယ်။
Source-Reuters