မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို ရန်လိုတဲ့နိုင်ငံအဖြစ် သတ်မှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမျိုးသားရေးပန်းတိုင်အဖြစ် ကိုရီးယားပေါင်းစည်းရေးကို ဖျက်သိမ်းဖို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ကတိကဝတ်နဲ့အညီ မြောက်ကိုရီးယားရဲ့ အမျိုးသားလွှတ်တော်ဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ KCNA သတင်းဌာနက အောက်တိုဘာ ၁၅ ရက်မှာ ကိုရီးယား ၂ နိုင်ငံ နယ်စပ်အနီးမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဓာတ်ပုံတွေကို ပြသခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်ဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ ရန်လိုတဲ့နိုင်ငံကို တရားဝင်အရေးယူမှုအဖြစ် တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်း၊ ရထားလိုင်းဆက်သွယ်မှု အပိုင်းတွေကို ချေမှုန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် ရုပ်သံလိုင်း KRT ဟာ ကျောင်းသားလူငယ်တွေ စစ်မှုထမ်းဖို့ လက်မှတ်ရေးထိုးနေပုံတွေကို အောက်တိုဘာ ၁၆ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း လူငယ် ၁ ဒသမ ၄ သန်းလောက်ဟာ စစ်တပ်ထဲကို ဝင်ရောက်ဖို့၊ တချို့လူငယ်တွေကလည်း တကျော့ပြန် စစ်မှုထမ်းဖို့ လျှောက်ထားခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက လွှင့်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ပွဲဖြစ်လာစေအောင် အဆုံးထိ တွန်းပို့ခဲ့တဲ့ ဆိုးလ်ရဲ့ ဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာမှုကိုလည်း အပြစ်တင်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်က ဒရုန်းနဲ့ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ မြောက်ကိုရီးယားရဲ့ အခိုင်အမာ စွပ်စွဲချက်ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့မှ အကြီးတန်းအရာရှိတွေက အောက်တိုဘာ ၁၆ ရက်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဟုန်းဂယူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဒရုန်းတွေ စေလွှတ်ပြီးတော့ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ပြုံယမ်းအပေါ် ကြဲချခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့တာပါ။
အဲဒီနောက် အောက်တိုဘာ ၁၅ ရက်က နယ်စပ်ဘက်ခြမ်းရှိ ကိုရီးယား ၂ နိုင်ငံကြား မော်တော်ကားလမ်းတွေနဲ့ မီးရထားလိုင်းတွေကို ဖောက်ခွဲခဲ့ပြီး တောင်ပိုင်းကိုလည်း တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရမယ်ဆိုပြီး ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။
အစောပိုင်းကတော့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ကျင့်သုံးမှုကို စောင့်ကြည့်မယ့် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်တဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေး နိုင်ငံစုံအဖွဲ့သစ်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားကိုကူညီဖို့ မြောက်ကိုရီးယားက အင်အားစေလွှတ်လိုက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကမ့်ပ်ဘဲလ်က စစ်မြေပြင်မှာ မြောက်ကိုရီးယားရဲ့ အဆင့်မြင့် ပစ္စည်းထောက်ပံ့မှု လက္ခဏာတွေ ရှိနေတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပေမဲ့ ဝါရှင်တန်က ဒီသတင်းတွေကို အကဲဖြတ်နေတုန်းပါပဲလို့လည်း ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို စောင့်ကြည့်မယ့် နိုင်ငံစုံအဖွဲ့တဖွဲ့ကို အောက်တိုဘာ ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
ဘက်ပေါင်းစုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေး နိုင်ငံစုံအဖွဲ့ စတင်လိုက်ခြင်းကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ်၊ တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဟုန်းဂယူနဲ့ ဂျပန်နိုင်ငံ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မာဆာတာက အိုကာနိုတို့နဲ့အတူ နိုင်ငံ ၈ နိုင်ငံက သံအမတ်ကြီးတွေပါ တက်ရောက်ကြတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်တာပါ။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ အရေးယူပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကြီးကြပ်ခဲ့တဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ရဲ့ နှစ်စဉ်သက်တမ်းတိုးမှုကို ရုရှားက မတ်လမှာ ပယ်ချလိုက်ကာ တရုတ်က မဲမပေးဘဲ နေခဲ့ပြီးနောက်မှာတော့ ဘက်ပေါင်းစုံ ပိတ်ဆို့အရေးယူမှု စောင့်ကြည့်ရေးအဖွဲ့လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပုံမှန်အစီရင်ခံစာတွေကို ထုတ်ပြန်ခြင်း အပါအဝင် ကုလသမဂ္ဂအဖွဲ့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် တခြား ၈ နိုင်ငံက ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိတယောက်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ တရားမဝင် စစ်ရေးအရ လွှဲပြောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝါရှင်တန်နဲ့ ဆိုးလ်က ပြောထားပါတယ်။
မော်စကိုနဲ့ ပြုံယမ်းတို့ဟာ လက်နက်လွှဲပြောင်းမှုကို ငြင်းဆိုထားပေမဲ့ စစ်ရေးအရ ဆက်ဆံမှု တိုးမြှင့်ဖို့ ကတိပြုထားတာဖြစ်ပြီး ဇွန်လက ထိပ်သီးအစည်းအဝေးမှာ အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source-Reuters