ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘေရွတ်ကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပြီး လတ်တလော ရက်ပိုင်းတွေမှာတော့ တိုက်ခိုက်မှုတွေ လျော့နည်းလာပြီး ဝါရှင်တန်က အလွန်ဂရုတစိုက် စောင့်ကြည့်နေမှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးဟာ သူ့နိုင်ငံကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို ခုခံကာကွယ်ပိုင်ခွင့် ရှိလို့ သူ့နိုင်ငံအတွက် သင့်တော်သလို လုပ်ဆောင်မယ့် တိုက်ခိုက်မှုတွေ ရှိနေမယ်လို့ အမေရိကန်က စဉ်းစားနေချိန်မှာပဲ ဘေရွတ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြင်တွေ့ရတဲ့ ဗုံးကြဲတိုက်ခိုက်မှုရဲ့ အတိုင်းအတာနဲ့ အဓိကအားဖြင့် အရပ်သား သေဆုံးမှုတွေကြောင့် စိုးရိမ်မှုတွေရှိကြောင်း အစ္စရေးအစိုးရကို အမေရိကန်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ မစ်လာက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဂါဇာဒေသကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေမှု အဆင့်တွေနဲ့ ပတ်သက်လို့ ဝါရှင်တန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းလင်းပြောကြားဖို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင် တို့က အစ္စရေးနိုင်ငံကို အောက်တိုဘာ ၁၅ ရက်မှာ စာတစောင် ရေးသားခဲ့ပါတယ်။
အမေရိကန်ဟာ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိနိုင်လိမ့်မှာ ဖြစ်ပြီးတော့ ဗျူရိုကရေစီနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်မယ်လို့ သိထားကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက ဆိုပါတယ်။
အဲဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီး အကူအညီတွေ ရရှိစေဖို့က အစ္စရေးအစိုးရမှာ တာဝန်ရှိပါတယ်လို့လည်း ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက အတင်းအကျပ် ပြောင်းရွှေ့နေရာချထားမှုနဲ့ ဂါဇာကမ်းမြောင်ဒေသကို အမြဲတမ်းသိမ်းပိုက်မှု မှန်သမျှကို အမေရိကန်က ဆန့်ကျင်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မစ်လာဟာ ဂါဇာမြောက်ပိုင်းက အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးတွေ၊ ဂိတ်တွေ ပိတ်ထားခြင်းနဲ့ အကူအညီပေးရေး လှုပ်ရှားမှုတွေ ကန့်သတ်ထားတာတွေကို ရည်ညွှန်းပြီးတော့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
Source-Reuters