Home
နိုင်ငံတကာ
လက်ဘနွန်တိုက်ပွဲဇုန်မှ ကုလငြိမ်းချမ်းရေးတပ် ထွက်ခွာရန် အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
October 15, 2024
Photo-Reuters

အစ္စရေးတပ်တွေက လက်ဘနွန်ရှိ ကုလသမဂ္ဂ ငြိမ်းချိမ်းရေးတပ်ဖွဲ့ (UNIFIL) ကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက လုံးဝလွဲမှားနေကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၁၄ ရက်မှာ ပယ်ချခဲ့ပြီး UNIFIL ငြိမ်းချမ်းရေးစောင့်တပ်ဖွဲ့တွေကို တိုက်ခိုက်ရေးနယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

အစ္စရေးတပ်တွေဟာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေကို တိုက်ခိုက်နေချိန်မှာ လက်ဘနွန်ရှိ ကုလငြိမ်းချမ်းရေးဝန်ထမ်းတွေကို ထိခိုက်မှု မဖြစ်စေရအောင် လက်ဘနွန်နယ်စပ်မှာ မြေပြင်စစ်ဆင်ရေး စတဲ့နေ့မှာ UNIFIL ကို မထိခိုက်ရအောင် ဒီဧရိယာကနေ ထွက်ခွာသွားခဲ့ဖို့ အစ္စရေးက အထူးတောင်းဆိုခဲ့ပြီးဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

မနေ့က တိုက်ခိုက်မှုတွေ အပါအဝင် ဒီတိုက်ခိုက်မှုတွေကြောင့် အစ္စရေးအများအပြား သေဆုံးခဲ့ရတာတွေကြောင့် အစ္စရေးဟာ ဟစ်ဇ်ဘိုလာကို ခုခံကာကွယ်ဖို့ အခွင့်အရေးရှိပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

UNIFIL ဝန်ထမ်းတွေအတွက် ထိခိုက်နစ်နာမှု တစုံတရာ ရှိခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ကြောင်းနဲ့ IDF အနေနဲ့ ဒီလိုဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ နေတန်ယာဟုက ပြောပါတယ်။

UNIFIL ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုကို အာမခံဖို့ အကောင်းဆုံးနည်းလမ်းကတော့ အစ္စရေးရဲ့ တောင်းဆိုမှုကို လိုက်နာဖို့နဲ့ အန္တရာယ်ရှိတဲ့ နေရာကနေ လွတ်မြောက်ဖို့အတွက် အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်အနီးမှာရှိတဲ့ တိုက်ပွဲဇုန်ကနေ ခေတ္တခဏ ထွက်သွားပေးဖို့ကို ထပ်ခါတလဲလဲ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ လက်ဘနွန်ပြည်သူတွေကို တိုက်ခိုက်တာ မဟုတ်ကြောင်းနဲ့ အစ္စရေးကို တိုက်ခိုက်ဖို့ လက်ဘနွန်နယ်မြေကို အသုံးပြုနေတဲ့ အီရန်ရဲ့ ကြားခံ ဟစ်ဇ်ဘိုလာကို တိုက်ခိုက်နေတာသာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ရန်စမှုမရှိဘဲနဲ့ အစ္စရေးကို မနှစ်က တိုက်ခိုက်ခဲ့တာလို့လည်း နေတန်ယာဟုက ပြောပါတယ်။

ဟားမတ်စ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပြီး တရက်အကြာ အောက်တိုဘာ ၈ ရက်မှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်အစင်းရေ ၁၀,၀၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆက်လက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဟစ်ဇ်ဘိုလာဟာ အစ္စရေးမြို့တွေနဲ့ အသိုက်အဝန်းတွေကို တိုက်ခိုက်ချိန်မှာ UNIFIL အဆောက်အအုံတွေနဲ့ ဂိတ်စခန်းတွေကို အကာအကွယ်အဖြစ် အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013