ဘန်နီဂန့်ဇ် (အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း)
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ဟာ အစ္စရေးနိုင်ငံနဲ့ ဂျူးလူမျိုးတွေအတွက် ဝမ်းနည်းစရာ နေ့ဆိုးတနေ့ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ တရက်တည်းမှာပဲ အစ္စရေးနိုင်ငံက လူပေါင်း ၁,၂၀၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့အထဲက ၁၀၁ ယောက်ဟာ လက်ရှိအချိန်ထိ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကလည်း အောက်တိုဘာလ ၇ ရက်နေ့ ဖြစ်စဉ်ဖြစ်ပွားအပြီး နောက်တရက်မှာပဲ အစ္စရေးနိုင်ငံမြောက်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ပြီး ဌာနေရှိ လူဦးရေ ၇၀,၀၀၀ နီးပါးကို နေ့ရပ်စွန့်ခွာစေခဲ့ရပါတယ်။
အီရန်နိုင်ငံကလည်း ဧပြီ ၁၃ ရက်နေ့မှာ အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကာ အစ္စရေးပြည်သူ သန်းနဲ့ချီကို ဘေးကင်းရာ နေရာသို့ ရှောင်တိမ်းရစေခဲ့ပါတယ်။
အထက်ပါအဖြစ်အပျက်တွေ ဖြစ်ပွားနေတာ တနှစ်ခန့် ကြာမြင့်လာတဲ့အခါမှာတော့ ဟားမတ်စ်အဖွဲ့ရဲ့ အကြီးပိုင်းတွေနဲ့ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းတွေ ဘာကိုလိုချင်တာလဲ ဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
သို့သော် အစ္စရေးစစ်တပ်နဲ့ အစိုးရအဖွဲ့က ချင့်ချိန်ဖို့ လစ်ဟာသွားတာကတော့ ဘာသာရေးစစ်ပွဲ ဆင်နွှဲဖို့အတွက် ဟားမတ်စ်အဖွဲ့ကို နောက်ကွယ်က တွန်းအားပေးမှုတွေဟာ ဘယ်အတိုင်းအတာအထိ ရှိနေခဲ့လဲ ဆိုတာပဲ ဖြစ်ပါတယ်။ “သတင်းလက်ဦးမှု ရရှိခဲ့ပေမဲ့ ဟားမတ်စ်အဖွဲ့ထဲမှာ အစွန်းရောက် ဂျီဟတ်ဒီ ဘယ်လောက်ရှိသလဲဆိုတာနဲ့ ဆင်ဝါရဲ့ အတွက်အချက်တွေကို ကျနော်တို့ လျှော့တွက်ခဲ့မိတယ်” လို့ ဟားမတ်စ်အဖွဲ့ရဲ့ခေါင်းဆောင် ဆင်ဝါကို ရည်ညွှန်းပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးတန်းထောက်လှမ်းရေး တပ်မှူးတယောက်က စစ်ပွဲအစပိုင်းကာလတွေတုန်းက ကျနော့်ကို ပြောကြားခဲ့ပါတယ်။
ကျနော်တို့အနေနဲ့ အစ္စရေးနိုင်ငံအတွင်းမှာ တည်ငြိမ်မှုပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ ထွက်ပေါ်လာတဲ့ ဟားမတ်စ်ရဲ့ သတိပေးချက်တွေအပေါ်လည်း အရေးစိုက်ဖို့ ပျက်ကွက်ခဲ့ပြီး ယင်းပျက်ကွက်မှုဟာ တိုက်ခိုက်မှုတခုအပေါ် အစ္စရေးရဲ့ မြန်ဆန်စွာ ဖြေရှင်း တုန့်ပြန်နိုင်စွမ်းကို နှောင့်နှေးစေတဲ့ အားနည်းချက်တခု ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ အားအနည်းဆုံးအချိန် ရောက်ရင် စည်းလုံးနိုင်မှာမဟုတ်ဘူးလို့ ဟားမတ်စ်ခေါင်းဆောင်တွေက ယုံကြည်ထားတဲ့ အကြောင်းကိုလည်း ထောက်လှမ်းရေးအချက်အလက်တွေက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဟားမတ်စ်ရဲ့ ဗျူဟာကတော့ အစ္စရေးကို တိုက်ခိုက်ပြီးတဲ့နောက်မှာ အီရန်နိုင်ငံရဲ့ စစ်သွေးကြွ အပေါင်းအပါတွေဖြစ်တဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ရှိနေတဲ့ ဟားမတ်စ်အဖွဲ့၊ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာအဖွဲ့၊ ယီမင်နိုင်ငံက ဟူသီအဖွဲ့၊ ဆီးရီးယားက ရှီးအိုက်အဖွဲ့၊ အီရန်နဲ့ အီရတ်တို့ ပူးပေါင်းပြီး ဒေသတွင်းမှာရှိတဲ့ တခုတည်းသော ဂျူးနိုင်ငံကို အဆုံးတိုင် ဖျက်ဆီးမယ့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဂါဇာမှာ ပေါ်ပေါက်လာတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လျှို့ဝှက်စာရွက်စာတမ်းတခုကလည်း အထက်ပါ အချက်အလက် မှန်ကန်ကြောင်း ထောက်ခံနေခဲ့ပါတယ်။ အထက်ပါစာရွက်စာတမ်းကို ဟားမတ်စ်ခေါင်းဆောင်တဦးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ရေးသားခဲ့တာဖြစ်ပြီး ယင်းစာထဲမှာ အစ္စရေးကို ကျူးကျော်မယ့် ဟားမတ်စ်ရဲ့ အယ်-ကာဆာ သိမ်းပိုက်ရေး အစီအမံ စတင်တာနဲ့ ကျန်စစ်သွေးကြွအဖွဲ့တွေကလည်း အစ္စရေးကို တိုက်ခိုက်ရာမှာ ပါဝင်ဖို့ ကတိကဝတ် ရရှိထားကြောင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဟားမတ်စ်ရဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ ဂျီဟတ်အစွန်းရောက်ဝါဒ၊ အစ္စရေးဟာ လက်ရှိအချိန်မှာ အင်အားနည်းတဲ့ အခြေအနေကို ရောက်ရှိနေပြီဆိုတဲ့ ယူဆချက်နဲ့ အီရန်အပါအဝင် အခြားစစ်သွေးကြွနိုင်ငံတွေအပေါ် သစ္စာစောင့်သိကြောင်း ပြသလိုမှု စတဲ့ အဓိက အကြောင်းအရင်း သုံးခုပါဝင်ပါတယ်။ အထက်ပါအကြောင်းအရင်းတွေကြောင့်ပဲ အောက်တိုဘာ ၇ ရက်နေ့ဖြစ်စဉ် အပါအဝင် အီရန်ရဲ့ နောက်ဆက်တွဲတိုက်ခိုက်မှုတွေဟာ အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ အလျှော့မပေးသော ရည်ရွယ်ချက်အပြင် အနောက်နိုင်ငံတွေအပေါ် အမြင်တွေနဲ့ စပ်လျဉ်းပြီး ဒေသတွင်း၌သာမက တကမ္ဘာလုံးအတွက် သိသာထင်ရှားတဲ့ သတိပေးချက်အဖြစ် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်ဟာ ပြိုင်ဘက်နိုင်ငံတွေရဲ့ ကြမ်းကြုတ်သော ဖိနှိပ်မှုအပေါ် အကြောင်းပြ ဆွဲဆောင်ပြီး ဩဇာပေးစည်းရုံးကာ ၎င်းတို့ရဲ့ အစွန်းရောက်ဝါဒကို ကျယ်ပြန့်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေဟာ ကျနော်တို့လို အလားတူအမှားမျိုး မမှားမိစေဖို့နဲ့ အယာတိုလာအလီခါမေနီရဲ့ အကြံအစည်ကို အထင်မသေးမိစေဖို့ အကြံပြုပါတယ်။
အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့တွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားနဲ့ ယှဉ်နိုင်စွမ်းရှိတဲ့ အကြမ်းဖက်စစ်တပ်တွေနဲ့ အစ္စရေးနိုင်ငံကို ဝိုင်းရံထားပြီး စစ်မျက်နှာဖွင့်မယ့်သဏ္ဌာန် ပုံဖော်ထားပါတယ်။ သူတို့မှာ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ သောင်းနဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ တိုက်ခိုက်ရေး ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေ ပါရှိပါတယ်။ အီရန်ဟာ အစ္စရေးကို ပစ်မှတ်ထားတဲ့ အလားတူ စစ်ရေးစွမ်းရည်တွေကို မကြာသေးမီက ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတို့ကို ဆန့်ကျင်တဲ့ တီဟီရန်နဲ့ ယီမင်နိုင်ငံအတွင်းက ပဋိပက္ခတွေမှာ အသုံးချခဲ့ပါတယ်။
ဒါ့အပြင် အီရန်ဟာ ဒေသတွင်းမှာ စစ်သွေးကြွတဲ့ လုပ်ရပ်တွေကို ဆက်တိုက်ဖော်ဆောင်နေပြီး နျူးကလီးယားလက်နက် ပိုင်ဆိုင်နိုင်ဖို့ကိုလည်း လျှို့ဝှက်သိုသိပ်စွာ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။
ဟားမတ်စ်အဖွဲ့ခေါင်းဆောင်နဲ့ အယာတိုလာ ခါမေနီတို့ကတော့ အစ္စရေးကို အမြစ်ဖြတ် ချေမှုန်းဖို့ တူညီတဲ့ ဘုံရည်မှန်းချက် ရှိနေပါတယ်။ သို့သော် အယာတိုလာ ခါမေနီ တဦးတည်းသာ ပိုမိုကောင်းမွန်တဲ့ ဗျူဟာနဲ့ စိတ်ရှည်သည်းခံမှုရှိပြီး ကျနော်တို့နိုင်ငံကို အပြည့်အဝ တိုက်ခိုက်ဖို့အတွက် အကောင်းမွန်ဆုံး အချိန်အခါကို စောင့်နေတာပဲ ဖြစ်ပါတယ်။ မမှားပါဘူး၊ အီရန်ဟာ တချိန်တည်းမှာ ပြင်ဆင်နေ၊ တည်ဆောက်နေပြီး အစ္စရေးကို ထိုးနှက်ဖို့ အားအနည်းဆုံးဖြစ်မယ့် အခါအခွင့်ကောင်းကို စောင့်စားနေပါတယ်။ အီရန်ဟာ လက်ဘနွန်မှာလည်း အလားတူလုပ်ရပ်မျိုး ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကို အသုံးပြုကာ နိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုတွေကို အခွင့်ကောင်းယူပြီး အဖွဲ့အစည်းရဲ့ ခြေကုပ်ကို ပိုမိုခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။ အီရန်ဟာ ဆီးရီးယားမှာလည်း ပြည်တွင်းစစ်ကြောင့် ဖရိုဖရဲ ဖြစ်ပွားနေတဲ့အချိန်မှာ အလားတူလုပ်ရပ်မျိုး ပြုလုပ်ခဲ့ပါသေးတယ်။ ယီမင်မှာလည်း ခေါင်းဆောင် နိုင်ငံရေးအစုအဖွဲ့ လစ်ဟာမှုနဲ့ ဆိုးဝါးတဲ့ လူနေမှုအခြေအနေများကို အခွင့်ကောင်းယူကာ ၎င်းတို့ရဲ့ လက်တံကို ပိုမိုဆန့်တန်းလာပြီး အာဖရိကရဲ့ ဆာဟဲဒေသကို မငြိမ်မသက် ဖြစ်လာအောင် ဖန်တီးနေပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဖြစ်ရပ်အလွန်မှာတော့ အစ္စရေးနိုင်ငံရဲ့ ဖြစ်တည်မှုနဲ့ အနာဂတ်နိုင်ငံတော်အပေါ် အီရန်တွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖြေရှင်းပြီး အဆုံးအဖြတ် ပေးနိုင်ဖို့ အစ္စရေးအနေနဲ့ မဖြစ်မနေ ဆောင်ရွက်ရတော့မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း ဆောင်ရွက်သင့်တဲ့အရာ ဖြစ်ပါတယ်။ ပင်လယ်နီထဲမှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အနှောင့်အယှက်ပေးပြီး ကမ္ဘာ့စီးပွားရေးကဏ္ဍကို ထိခိုက်စေမှုနဲ့ ယူကရိန်းစစ်မြေပြင်မှာ ရုရှားကို နည်းပညာပိုင်းဆိုင်ရာနဲ့ စစ်ဘက်ဆိုင်ရာ အကူအညီပေးတာတွေအပေါ်မှာ အီရန်ရဲ့ အခန်းကဏ္ဍကို ကမ္ဘာကြီးအနေနဲ့ လျှော့တွက်မထားသင့်ပါဘူး။ စစ်သွေးကြွ အပေါင်းအပါတွေဟာ အမေရိကန်က ဦးဆောင်ပြီး ထောက်ပံ့ထားတဲ့ ပိုမိုသန်မာပြီး စည်းလုံးတဲ့ အရှေ့အလယ်ပိုင်းတပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ ဖြစ်စဉ်အပေါ် အီရန်ရဲ့အမြင်နဲ့ လုပ်ရပ်ကို ဟန့်တားဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ အခုအချိန်ဟာ အီရန်ကို ထိန်းကျောင်းနိုင်ဖို့ ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမယ့်အချိန်ပဲ ဖြစ်ပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာတော့ အစိုးရတွေအနေနဲ့ အီရန်ရဲ့ စစ်ရေးပြင်ဆင်မှုကို စနစ်လျှော့ချဖို့ သဘောတူညီချက် ရရှိရေးကို ရတဲ့နည်းနဲ့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ဟစ်ဇ်ဘိုလာနဲ့ ဟူသီအဖွဲ့တွေကို အစ္စရေးရဲ့ စစ်ရေးအရ အရေးယူမှုအပေါ် တာဝန်ခံမှုဖြစ်ပြီး အီရန်ရဲ့ နောက်ဆုံး ဒုံးကျည်တိုက်ခိုက်မှုကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိနေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ နျူးကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ဖို့ အချိန်ကောင်းကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး စိတ်ချရမယ့် အနေအထားတခုအထိ ရောက်ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒေသတွင်းမှာလည်း အရှေ့အလယ်ပိုင်း လေကြောင်းကာကွယ်ရေးအစီအမံနဲ့ အစ္စရေးနဲ့ အာရပ်နိုင်ငံများအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်သည့် အေဘရာဟင် သဘောတူညီချက် တို့ကိုလည်း ပိုမိုကြံ့ခိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ အရှေ့အလယ်ပိုင်း လေကြောင်းဆိုင်ရာ ပူးပေါင်းမှုကို ပိုမိုတိုးချဲ့ဖို့လိုပြီး တချိန်တည်းမှာပဲ လိုအပ်ရင် လိုအပ်သလို အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။
စီးပွားရေးကဏ္ဍမှာလည်း ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အီရန်ပိုင် အဓိက ပြည်တွင်းပြည်ပ စက်မှုလုပ်ငန်းတွေကို ဦးတည်ကာ စီးပွားရေးပိတ်ဆို့တာတွေ ပြုလုပ်ပြီး အကြမ်းဖက်မှုတွေကို ထောက်ခံနေတဲ့ အဖွဲ့တွေဆီ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ဖို့လိုပါတယ်။
တရားရေးကဏ္ဍမှာလည်း တော်လှန်ရေးတပ်တွေ အပါအဝင် အစ္စလာမ္မစ်သမ္မတနိုင်ငံတွေကို အကြမ်းဖက်စာရင်းမှာ မထည့်သွင်းရသေးတဲ့ အစိုးရတွေအနေနဲ့ အမြန်ဆုံး ထည့်သွင်းသင့်ပါတယ်။ ထို့အပြင် ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ အီရန်ဆိုင်ရာ အစုအဖွဲ့များကိုလည်း ဝိုင်းဝန်းဖယ်ရှားသင့်ပါတယ်။
နိုင်ငံရေးအရလည်း အီရန်ရဲ့ အတိုက်အခံတွေကို မျက်နှာသာပေးပြီး အရေးပါတဲ့ အပြည်ပြည်ဆိုင်ရာ ဖိုရမ်တွေမှာ အီရန်ကို ခွဲခြားထားဖို့ လိုပါတယ်။
အခုလိုအခြေအနေတွေ ဖန်တီးဖို့ဆိုရင် အချိန်တွေ၊ အရင်းအမြစ်တွေနဲ့ တည်တံ့ခိုင်မာပြီး စည်းလုံးတဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ အစ္စရေးဟာ ယူကရိန်းနဲ့ ထိုင်ဝမ်တို့လိုပဲ ဒီမိုကရေစီကို စစ်သွေးကြွအုပ်စုရဲ့ ခြိမ်းခြောက်တာ ခံနေရတဲ့ နိုင်ငံတခုဖြစ်ပြီး နိုင်ငံတခုခုက ကျရှုံးသွားရင် ဒိုမီနိုသက်ရောက်မှုအရ ကျန်အပေါင်းအပါနိုင်ငံတွေပါ ဆက်တိုက်ပြိုလဲမှာဖြစ်လို့ ကြားနေနိုင်ငံတွေအနေနဲ့ ဘက်တဘက်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။
အစ္စရေးဟာ အောက်တိုဘာ ၇ ရက်နေ့မှာ သူတို့အတွက် ကြေကွဲဖွယ်ရာအကောင်းဆုံး ဖြစ်ရပ်ဆိုးကြီးကို ရင်ဆိုင်လိုက်ရပြီး အဲဒီဖြစ်ရပ်ကြောင့်ပဲ အစ္စရေးဟာ အကြမ်းဖက်နိုင်ငံတွေ အနေနဲ့ လူသားတွေ အသက်အန္တရာယ်ထိခိုက်စေမယ့် အဖျက်စွမ်းရည်မျိုး မရရှိစေဖို့နဲ့ ဟားမတ်စ်ကို အရမ်းမဆိုးရွားဘူးလို့ တွေးထင်ထားခဲ့မိတဲ့ အမှားမျိုး ထပ်မံမပြုလုပ်မိဖို့တွေကို နိုးထဆင်ခြင်မိလာတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ အယောက် ၂၀ မြောက် အစ္စရေးတပ်မတော်ရဲ့ ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတယောက်အနေနဲ့ ကျနော်ကတော့ အစ္စရေးတပ်မတော်ဟာ အရှေ့အလယ်ပိုင်းမှာ အင်အားအတောင့်တင်းဆုံး ဖြစ်ပြီး မိမိပြည်သူတွေနဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ မလွဲမသွေ အောင်မြင်မှု ရရှိမှာပါလို့ ပြောချင်ပါတယ်။
အစ္စရေးအနေနဲ့ အောက်တိုဘာ ၇ ရက်ဖြစ်စဉ်မှာ သင်ခန်းစာရရှိခဲ့ပြီးပါပြီ။ အဲဒီသင်ခန်းစာကို ကမ္ဘာကြီးကို မျှဝေဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အီရန်ကို ဆန့်ကျင်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ဒါဟာ အစ္စရေးအတွက် မဖြစ်မနေ လိုအပ်ချက်တခုတင် မဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားဖို့အတွက် အဓိကလိုအပ်ချက် ဖြစ်ပါတယ်။
ဘန်နီဂန့်ဇ် (အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း)
ဘာသာပြန်-သူရိန်သွေး
(New York Times သတင်းစာပါ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်ဇ် ရေးသားသည့် "What the World Needs to Understand About Iran" ဆောင်းပါးအား ဘာသာပြန်တင်ဆက်သည်။)