ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစ္စရေးရဲ့ထိုးစစ်နဲ့ ဘေးလွတ်ရာရွှေ့ပြောင်းမိန့် ထုတ်ထားတာကြောင့် လာမယ့်သီတင်းပတ်မှာ စတင်တော့မယ့် ပိုလီယိုကာကွယ်ဆေးထိုးနှံမှု ဒုတိယအဆင့်အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ အစ္စရေးစစ်တပ်ဟာ မကြာသေးမီရက်ပိုင်းအတွင်းက ထိုးစစ်ဆင်လာခဲ့ပြီး ဂါဇာရဲ့ သမိုင်းဝင်ဒုက္ခသည်စခန်း ၈ ခုထဲမှာ အကြီးဆုံးစခန်းရှိရာ ဂျက်ဘလီယာမြို့နဲ့ အနီးနားရှိ ဘိတ်ထ် ဟနွန် နဲ့ ဘိတ်ထ်လဟိယမြို့တွေဆီ သူ့တပ်ဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ရွှေ့ပြောင်းဖို့ အမိန့်ပေးထားတဲ့ ဧရိယာတဝိုက်မှာ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံ ဒါဇင်နဲ့ချီ ရှိနေကြောင်း ပါလက်စတိုင်းနယ်မြေအတွက် WHO ကိုယ်စားလှယ် ရစ်ခ် ပိပါကွန်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဘေးလွတ်ရာ ရွှေ့ပြောင်းမိန့်အောက်မှာ ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ ဆေးရုံတွေမှ လူနာတွေကို ကယ်ဆယ်ဖို့ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီနဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ ကြိုးပမ်းမှု ၃ ခုဟာ အခုသီတင်းပတ် အတွင်းမှာ ပျက်ပြားသွားကြောင်းလည်း သူက ဆိုပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခတွေ စတင်ခဲ့တဲ့ တနှစ်ကျော်ကတည်းက လက်ဘနွန်မှာ ဆေးဘက်ဆိုင်ရာနဲ့ အရေးပေါ်ဝန်ထမ်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် ရာဗီနာ ရှမ်ဒါဆာနီက ပြောကြားခဲ့ပါတယ်။
ဂါဇာနယ်မြေမှာ ၂၅ နှစ်တာကာလအတွင်း ပထမဆုံးဖြစ်ရပ်အနေနဲ့ ဩဂုတ်လတုန်းက ကလေးငယ်လေး တယောက်ဟာ အမျိုးအစား ၂ ပိုလီယိုဗိုင်းရပ်စ်ပိုးကြောင့် တစိတ်တပိုင်း လေဖြတ်သွားပြီးနောက်မှာ ပြီးခဲ့တဲ့လက ကနဦး ကာကွယ်ဆေး ထိုးနှံမှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။
ပထမအဆင့်အနေနဲ့ ကလေးထောင်ပေါင်းများစွာကို ထိုးဆေး ထိုးပေးနိုင်စေဖို့ လူသားချင်း စာနာထောက်ထားမှုအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြားက ဂါဇာတိုက်ပွဲတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
ဂါဇာ စစ်ပွဲအစပိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ကို ထောက်ခံတဲ့ အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ကနေ အစ္စရေးကို စတင်ပစ်ခတ်ခဲ့ရာနေ ဒီပဋိပက္ခ အစပြုခဲ့တာပါ။
မကြာသေးမီ သီတင်းပတ်တွေအတွင်း အစ္စရေးက ဘေရွတ်မြို့ အစိတ်အပိုင်းတွေကို ဗုံးကြဲချခြင်းအားဖြင့် ပဋိပက္ခက သိသိသာသာ ပြင်းထန်လာခဲ့ပါတယ်။
အစ္စရေးဟာ လက်ဘနွန်နဲ့ ဂါဇာရှိ စစ်ရေးအင်အားတွေကို ပစ်မှတ်ထားပြီး အရပ်သားတွေကို ထိခိုက်မှုအန္တရာယ် လျော့ပါးစေအောင် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်တွေလိုပဲ အရပ်သားတွေကြားမှာ ပုန်းအောင်းနေတယ် လို့ စွပ်စွဲထားပြီး ဒါကို ဟစ်ဇ်ဘိုလာ က ငြင်းဆန်ထားပါတယ်။
Source-Reuters