အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ်ဟာ အောက်တိုဘာ ၁၆ ရက်က တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဟုန်းဂယူနဲ့ ဆိုးလ်မှာ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအရေးနဲ့ တခြား ၂ နိုင်ငံကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
ကမ့်ဘဲလ်နဲ့ ဂင်မ်ဟုန်းဂယူ တို့ဟာ ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် ဂျပန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာဆာတာက အိုကာနို နဲ့လည်း ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပြုံယမ်းအပေါ် ဒရုန်းတွေ စေလွှတ်ပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ အများအပြားကို ကြဲချခဲ့တယ်လို့ မြောက်ကိုရီးယားက ဆိုးလ်ကို စွပ်စွဲခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် ဒီအစည်းအဝေးကို ပြုလုပ်ခဲ့တာပါ။
အဲဒီနောက် အောက်တိုဘာ ၁၅ ရက်က နယ်စပ်ဘက်ခြမ်း ကိုရီးယား ၂ နိုင်ငံကြားရှိ မော်တော်ကားလမ်းတွေနဲ့ မီးရထားလိုင်းတွေကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့ပြီး တောင်ပိုင်းကို တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။
အခုနှစ်အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားကို ‘အဓိကရန်သူ’ လို့ ကြေညာခဲ့ပြီး ပေါင်းစည်းရေးမှာ မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့ကာ အခုနောက်ပိုင်း မြောက်ကိုရီးယားဟာ ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေးကို ဖြတ်တောက်မယ့် ခြေလှမ်းတွေကို စတင်နေပြီ ဖြစ်ပါတယ်။
Source-Reuters