Home
မြန်မာသတင်း
ရွှေပြည်သာတွင် Grade 9 ကျောင်းသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
November 28, 2024

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အထက (၂) ကျောင်းဝင်းထဲမှာ နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီကျော်က ကျောင်းသားတယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၁၅ နှစ် အရွယ် Grade 9 အတန်း၊ B ခန်းက ကျောင်းသား မောင်ဖြိုးမြတ်အောင် ဖြစ်ပြီး ကျောင်းဆင်းချိန် ဘောလုံးကွင်းထဲ ဝင်ဖမ်းသွားတာပါ။

မြို့ခံတဦးက “ ထ၂ ဘောလုံးကွင်းထဲက ကလေးတယောက်ကို ဝင်ဖမ်းသွားတာတော့ ကြားတယ်။ ဘယ်မှာ ဖမ်းထားလဲတော့ မသိဘူး။ ကိုးတန်းဆိုတော့ အသက် ၁၅၊ ၁၆ လောက်ပဲ ရှိဦးမယ် ထင်တယ်”လို့ ပြောပါတယ်။

မောင်ဖြိုးမြတ်အောင်ရဲ့ TikTok အကောင့်ဖြစ်မှာတော့ နိုဝင်ဘာ ၂၇ ရက်နေ့လယ် ထမင်းစားချိန်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံအလံပါ ဓာတ်ပုံ စတစ်ကာကို ဖိနပ်အောက်မှာ ကပ်ထားတဲ့ ဗီဒီယိုနဲ့ ဆဲဆိုနေတဲ့ စကားသံတွေကို တွေ့မြင်ရပြီးနောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

‌မြို့ပြUG အဖွဲ့ဝင်တဦးက “ စကစ တယ်လီဂရမ်မှာ တွေ့တယ်။ သဇင်ဦးချန်နယ်က ‌ဖမ်းပေးဖို့ စတင်တာ။ ညနေလောက်မှာ အဲ့ညီလေးကို မိသွားတာ။ သက်ပြည့်က‌လေးမဟုတ်တဲ့အတွက်‌ရော ဖမ်းဆီးခံရတဲ့ပြည်သူအနေနဲ့ကျနော်တို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ စစ်အုပ်စုအောက်မှာ ဘယ်မှာနေနေ လုံခြုံမှုမရှိဘဲ သူတို့ ဖမ်းချင်သလို ဖမ်းမယ်ဆိုတာ တွေ့ရမယ်ဆိုတာ ပြည်သူကို အသိပေးချင်ပါတယ်။ တော်လှန်ရေးကို အာရုံစိုက်ပြီး ရတဲ့နည်းနဲ့ တော်လှန်သွားမှာပါလို့လည်း ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၈ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန် Share တာနဲ့ အောက်တိုဘာ ၂၃ မှာ စစ်ကောင်စီပုံကို စနောက်ထားတဲ့ ပို့စ်တွေကြောင့်လည်း ဖမ်းဆီးခံရတာလို့ သိရပါတယ်။

သက်မပြည့်သေးတဲ့ ကျောင်းသား တယောက် ဖမ်းဆီးခံရမှုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်‌နယ်တွေမှာတော့ ကျေနပ်ကြောင်း ပြန်လည်ရေးသားဖြန့်ဝေနေသလို အဆိုပါကျောင်းသားကို ပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးစွဲချက်တင်ကာ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း ပို့ဖို့ကိုလည်း တိုက်တွန်းရေးသားနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013