ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ လေပြင်းတိုက် မိုးကြီးပြီး ရပ်ကျေး ၂၀ နီးပါး ရေနစ်မြုပ်နေတဲ့အပြင် အိမ်ခြေ ၂၈ လုံး အမိုးလန်ပြိုကျသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်၊ မနက်အစောပိုင်း ၃ နာရီကျော်ကစလို့ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာနေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်မှာ ထပ်မံမိုးကြီး လေတိုက်လာခဲ့လို့ လူနေအိမ် ရာနဲ့ချီ ရေနစ်မြုပ် အကူအညီလိုအပ်နေတာပါ။
လေပြင်းတိုက်တဲ့နေ့မှာ ရွှေပြည်သာမြို့နယ်နဲ့ အရန်မီးသတ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ချောင်းနား၊ ကန်နားနီးတဲ့ လူနေအိမ်တွေကို အရေးပေါ် ပြောင်းရွှေ့ပေးတာတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရေဘေးလွတ်နေရာ ပို့ဆောင်ပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မနေ့က ရေက စစချင်း ခြေချင်းဝတ်လောက်ကနေ ဒူးလောက်ဖြစ်လာတာ။ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ခါးလောက်အထိ ဖြစ်နေပြီ။ သံဒင်း (၁၉၊ ၂၀) ရပ်ကွက်တွေက အိမ်တွေ အမိုးလန် ပြိုသွားတာတွေ ရှိတယ်။ ဒီနေ့ (အောက်တိုဘာလ ၂၂ ရက်) မှာ ကျောင်းတွေပါ ပိတ်ထားရတာ တွေ့တယ်။ တမြို့လုံးလိုလို ရေကရောက်နေပြီ” လို့ ပေြာပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၁ ရက် ညပိုင်းမှာ သာဓုကန် ရေပိုလွှဲကနေ သတ်မှတ်ရေမျက်နှာပြင်ထက် ပိုလာတဲ့ ရေတွေကို ရေပိုလွှဲမယ်လို့ ရပ်ကွက်တွေအတွင်း ပျံ့နှံ့လာတဲ့ သတင်းကြောင့်လည်း မြို့နယ်နေထိုင်သူတွေမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
မြို့ခံတယောက်က “ရေက တအိအိဝင်လာတာ။ မြောင်းတွေက ပိတ်ပြီး အိမ်တွေထဲအထိ ဝင်လာတာ။ မနှစ်က ရေတော့တက်တယ် အိမ်ထဲအထိ မဝင်ဘူး။ မနေ့ညနေလောက်က လှော်ကားကန် (သာဓုကန်) ကနေ ရေလွှတ်တယ်လို့လည်း ကြားတယ်။ တချို့ကလည်း သိမ်းဆည်းပြီး နေရာပြောင်းနေပြီ။ လောလောဆယ် ဒီမနက်မှာ ခြေသလုံးလောက်တော့ ရောက်နေပြီ” လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်းမှာ ရပ်ကွက်ပေါင်း ၂၃ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄ ခု ရှိပြီး သံဒင်း (၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်)၊ ၂၂ ရပ်ကွက်၊ ဇီးကုန်း ၂၄ ရပ်ကွက်၊ အုတ်ဖို (၃ ရပ်ကွက်)၊ ဘိုရှည်ကုန်းရပ်ကွက်၊ ၄ ရပ်ကွက်၊ လှော်ကား၊ သာဓုကန်၊ အမှတ် ( ၅၊ ၆၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၃ ) ရပ်ကွက်တွေနဲ့ ဝါးတရာ၊ လှိုင်မြစ်ဘေးက လူနေအိမ်တွေ ရေနစ်နေတာကြောင့် ကူညီကယ်ဆယ်မှုတွေ လိုအပ်နေပါတယ်။