ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆက်သေကျေးရွာမှာ မိုးကြီးပြီးနောက် ပြောင်းဧက ၁၀၀၀ ကျော် ရေမြုပ်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်စောက်မြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးပြင်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းနဲ့နီးတဲ့ ပြောင်းခြံနဲ့ မြေနိမ်ပိုင်းရှိပြောင်းခြံ ဧက ၁၀၀၀ ကျော်က တပတ်ကျော်ကြာ ရေနစ်မြုပ် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
တောင်သူတယောက်က "ရေထဲ တပတ်ကျော်မြုပ်သွားတယ်။ ရေပြန်ကျတော့လည်း နုန်းမြေတွေ ကျန်ခဲ့တော့ ပြောင်းအကုန်ပျက်စီးရတယ်။ ဒီနှစ်ရေမြုပ်ပြီး ပျက်စီးတာ အရမ်းများတယ်။ အရင်နှစ် တွေက ရေမြုပ်ပေမဲ့ ခဏပဲမြုပ်တယ်။ ပြီးရင်ပြောင်းခြံ ဧက ၁၀၊ ၂၀ လောက်ပဲ မြုပ်တယ် ပျက်လည်း မပျက်ဘူး။ ဒီနှစ်တော့ မိုးလည်းများ ရေထွက်တာလည်းများတော့ ပြောင်းခြံ ပျက်စီးရတယ်”လို့ ပြောပါတယ်။
ရပ်စောက်မြို့နယ်မှာ ပြောင်း၊ ပဲစင်းငုံကို အဓိက စိုက်ပျိုးကြပြီး အလို သဘာဝဘေးကြောင့် ပြောင်းဧက များစွာ ပျက်စီးခဲ့ရလို့ လာမယ့်နှစ် တောင်သူတချို့ စားဝတ်နေရေးအတွက် စိုးရိမ် နေကြရပါတယ်။
ပြောင်းခြံပိုင်ရှင်တယောက်က "ကျနော်တို့ဘက်က ပြောင်းပဲ အဓိက စိုက်ကြတယ်။ ဆန်၊ စပါး ကျတော့ ဝယ်စားတယ်လေ။ ဒီနှစ်က ပြောင်လည်း ပျက်စီးတယ်။ ဆန်၊ စပါးလည်း စျေးအရမ်းတက် သားသမီးတွေလည်းများတော့ ငတ်တော့မယ်ထင်ပါတယ်”လို့ ပြောပါတယ်။
အလားတူပင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာလည်း ရေကြီးလို့ ဒေသခံတွေရဲ့ ပြောင်းခြံ၊ ခရမ်းချဥ်သီးခြံ၊ လယ်ယာဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ပျက်းစီးခဲ့ပါတယ်။