စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် လူနေရပ်ကွက်တွေအတွင်း ရေကြီးရေလျှံနေပြီး လူနေအိမ်တွေရေနစ်မြုပ်နေကာ ဒေသခံပြည်သူ ၆၀၀၀ နီးပါး ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတဦးက “မိုးက ၄ ရက်ရှိပြီ မပြတ်ဘူး။ ဆက်တိုက်ရွာနေတာ။ ကျနော်တို့ ရပ်ကွက်က အနိမ့်ပိုင်းထဲကျတယ်လေ။ အနိမ့်ပိုင်းရပ်ကွက်တွေအကုန်ရေ၀င်တာပဲ။ တခြားက အကူအညီတွေဘာတွေတော့ မရပါဘူး။ ရေလွတ်တဲ့ရပ်ကွက်တွေက ဆွေမျိုးတွေက ထမင်းပို့ပေးနေပါတယ်။ ကလေးတွေနဲ့ လူကြီးတွေအတွက်တော့ အဆင်မပြေဘူးလေ။ တက်လာတဲ့ရေရဲ့အနံ့အသက်ကလည်း မကောင်းဘူး။ ၀မ်းရောဂါတွေဖြစ်မှာစိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ကလေးမြို့မှာ သြဂုတ် ၂၃ ရက်ကနေ ၂၆ ရက်နေ့ ညနေပိုင်းအထိ အဆက်မပြတ် မိုးရွာသွန်းတာကြောင့် ဦးဗုဒ်ချောင်း၊ သံတံတားချောင်းနဲ့ နန်းကလိန်ချောင်းတွေက ချောင်းရေလျှံတက်ပြီး သြဂုတ် ၂၆ ရက်၊ မနက်ပိုင်းကစတင်ကာ အနိမ့်ပိုင်းရပ်ကွက်တွေအတွင်းကို ချောင်းရေတွေ၀င်ရောက်လာတာလို့ သိရပါတယ်။
ကလေးမြို့က လူမှုကူညီရေးအဖွဲ့၀င်တဦးက “အဓိကရေနစ်နေတာကတော့ မြို့ပေါ်အနိမ့်ပိုင်းက ချမ်းမြေ့အောင်စည်၊ မင်္ဂလာဥယျာဉ်၊ အောင်မြေမာန်၊ အောင်မေတ္တာ နဲ့ ညောင်ပင်သာရပ်ကွက်တွေက ပြည်သူ ၆၀၀၀ နီးပါး ရေဘေးသင့်နေကြတယ်။ ကျနော်တို့အဖွဲ့တွေလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။ အရမ်းအနိမ့်ပိုင်းကအိမ်တွေဆိုရင် ပြောင်းကြရွှေ့ကြရတဲ့အနေအထားအထိပါပဲ”လို့ ပြောပါတယ်။
ကလေးမြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အတွက် လူနေအိမ်တချို့ပျက်စီးသွားပြီး ရပ်ကွက်နေပြည်သူတွေဟာလည်း ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။