စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက သုံးအိမ်စုရွာနဲ့ ရှားတောရွာက နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ် ၂၀ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကလေးမြို့အနီး စက္ကန့်ရွာကနေတဆင့် ရှားတောရွာနဲ့ သုံးအိမ်စုရွာကို စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံကာကွယ်ရေးတပ်နဲ့ ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ် ၂၁ ရက် ဒီနေ့မနက်မှာ သုံးအိမ်စုရွာကနေ ထွက်သွားပြီဖြစ်ပြီး သုံးအိမ်စုရွာက နေအိမ် ၃၀ ကျော်နဲ့ ရှားတောရွာက နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံ ကိုဆလိုင်းက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အိမ်ခြေ ၃၆၀ ဝန်းကျင်ရှိတဲ့ ရှားတောရွာခံတွေနဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ သုံးအိမ်စုရွာခံတွေကတော့ ကျေးရွာတွင်းကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲအတွင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
အဆိုပါ စစ်ကြောင်းထိုး နေအိမ်မီးရှို့ဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။
၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခု ဇွန်လကုန်အထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ နေအိမ်ပေါင်း ၉၅,၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။