တလကျော်ကြာပိတ်နေတဲ့ ကလေးဝ-မဟာမြိုင်ကားလမ်း ပြန်ပွင့်သွားပေမဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ မကျသေးဘူးလို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၃၁ ရက် မနက်ပိုင်း ဆက်သွယ်ချက်အရ ကလေးမြို့မှာ စက်သုံးဆီဆိုင်တွေအားလုံး ဖွင့်ထားပေမဲ့ စက်သုံးဆီတွေဟာ 92 တလီတာကို ကျပ် ၇,၀၀၀ ဝန်းကျင်၊ 95 တလီတာကို ကျပ် ၇,၂၀၀ ဝန်းကျင်နဲ့ ဒီဇယ်တလီတာကို ကျပ် ၇,၅၀၀ ဝန်းကျင်အထိ ရှိနေတာပါ။
ကလေးမြို့ခံတဦးက “လမ်းကပွင့်သွားတာကြာပြီ။ ဓာတ်ဆီဈေးက မကျသေးဘူး။ လမ်းမကောင်းတော့ ဆီကားတွေ တော်တော်နဲ့မရောက်လို့ ကြားတယ်” လို့ ပြောပါတယ်။
ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေတာဟာ ကလေးဝ-မဟာမြိုင်လမ်းမှာ မိုးများပြီး လမ်းခရီးကြန့်ကြာကာ ကားတွေ အဝင်နှေးနေတာကြောင့်လို့ ဓာတ်ဆီဆိုင် အရောင်းဝန်ထမ်းတဦးက ပြောပါတယ်။
“ဒီမနက် ဈေးတွေထပ်တက်သွားတာ။ မနေ့ကကို တလီတာကို ၆,၉၀၀ ပဲ ရှိသေးတာ။ လမ်းမှာ မိုးများတော့ ကားတွေမဝင်ဘူး။ ကားတွေက တဖြည်းဖြည်းချင်း တသုတ်ချင်း လာနေရတာလို့ ကြားတယ်။”
အခုလို ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဓာတ်ဆီဖိုး ပိုကုန်ကျနေပြီး သွားရေးလာရေးပိုင်းမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ကလေးဝ-မဟာမြိုင် ကားလမ်းဟာ ၁ လကျော်ကြာ ပိတ်ပြီးတဲ့နောက် ဇူလိုင် ၁၇ ရက်မှာ ဒေသခံ ကာကွယ်ရေးတပ်ဘက်က လမ်းကိုပြန်ဖွင့်ပေးခဲ့တာပါ။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း ၊ကလေး-ဟားခါးလမ်း ဆိုတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး ကလေး-ဂန့်ဂေါလမ်းက လမ်းကောင်းပေမဲ့ လမ်းကြောပိတ်နေတာ ၃ နှစ်ကြာမြင့်နေပြီ ဖြစ်တာကြောင့် ကလေးဝ-မဟာမြိုင်လမ်းကိုပဲ အဓိကဦးစားပေး အသုံးပြုနေရတာ ဖြစ်ပါတယ်။