စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေမှာ ငွေထုတ်မရတဲ့ပြဿနာကို ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအသစ်တွေ ထပ်မံရိုက်ထုတ်ပြီး ဖြေရှင်းလိုက်တယ်ဆိုတဲ့ သတင်းတွေအပြီးမှာ အိမ်ခြံမြေ ဈေးတွေထပ်မံ မြင့်တက်လာတယ်လို့ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေထံက သိရပါတယ်။
ဘဏ်ငွေစက္ကူအသစ်တွေ ဂယက်ကြောင့် ကျပ်ငွေတန်ဖိုး ဆက်ပြီး ကျနိုင်ခြေရှိတာကြောင့် အိမ်ခြံမြေ ဈေးတွေ အရင်ကထက် ထက်မံ မြင့်တက်လာတာလို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက "အဓိကက ငွေစက္ကူအသစ်တွေကြောင့် ငွေတန်ဖိုးထပ်ကျနိုင်တယ်ဆိုပြီး ဈေးဆွဲတင်ကြတာပါ။ ဒီရက်ပိုင်းအတွင်းမှာကို အရင်နှုန်းထက် သိန်း ၅၀၊ ၁၀၀ လောက် ဈေးပိုတင်ပြီး ခေါ်လာကြတယ်။ ဒါပေမဲ့ ခေါ်ဈေးက အရမ်းများတော့ အဝယ်က သိပ်မရှိဘူးဖြစ်နေတယ်။ အရောင်းပဲ များတာ" လို့ ပြောပါတယ်။
မြန်မာပြည်တွင်း အိမ်ခြံမြေဈေးကွက်က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုတွေ အပေါ်မှာသက်ရောက်မှုရှိနေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ဝါရင့်အိမ်ခြံမြေ လုပ်ငန်းရှင်တဦးကလည်း "ငွေကြေးထုတ်တယ်ဆိုတာကိုတော့ ကျနော်တို့လည်း သေချာမသိဘူး။ ဒါပေမဲ့လည်း အခုချိန်မှာ ငွေတန်ဖိုးကျပြီး ငွေကြေးတွေ ဖောင်းပွနေတယ်ဆိုတာမျိုးတော့ ရှိတာပေါ့။ ရှိတဲ့အခါကျတော့။ ထိုင်းလို နိုင်ငံတကာမှာ ဝယ်လို့ ရောင်းလို့လည်း မရဘူးဆိုတော့ ပြည်တွင်းမှာပဲ ဝယ်ကြမှာ။အဲခါကျတော့ ငွေကြေးဖောင်းပွမူက ဂယက်ရိုက်တာတော့ အမှန်ပဲ" လို့ မှတ်ချက်ပြုပါတယ်။
အာဏာသိမ်း ၃ နှစ်တာအတွင်း အိမ်ခြံမြေဈေးကွက်အတွင်းကို ငွေပိုငွေလျှံရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ စုပြုံဝင်ရာက်ခဲ့ရာကနေ အိမ်ခြံမြေဈေး ၂ ဆကနေ ၃ ဆလောက်ထိ တက်လာတယ်လို့ ဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
၃ နှစ်တာ ကာလအတွင်း ရန်ကုန်မြို့ရဲ့ လူကြိုက်များပြီး ရောင်းရဝယ်ရ လွယ်ကူတဲ့ လမ်းမတန်းလိုနေရာတွေမှာ ၂ ဆကနေ ၃ ဆလောက်ထိ တက်လာပြီး ရပ်ကွက်အတွင်းပိုင်းက အိမ်ခြံမြေတွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေး အခြေအနေအရလည်း ကာလတခုအထိစျေးနှုန်း ဆက်တက်နေဦးမယ်လို့ လည်း အများစုက ခန့်မှန်းထား ကြပါတယ်။
အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက“ပြောရရင်တော့ နည်းနည်းခက်တယ်။ တကယ်တမ်း ဖြစ်နေတဲ့ ဈေးတွေကလည်း ဈေးအမှန်တော့ မဟုတ်ဘူး။ ငွေတန်ဖိုး လျော့သွားမှာကြောက်လို့ ဝယ်ကြတယ်။ ကိုယ့်ပိုင်ဆိုင်မှုတွေ လျော့သွားမှာ ကြောက်လို့ ဝယ်ကြတယ်၊ တချို့လည်း နယ်တွေမှာ နေလို့မရလို့ မြို့ပေါ်မှာတက်ဝယ်ကြတယ်။ ဒါဆိုတော့ လူတွေရဲ့ စိုးရိမ်ပူပန်မှု၊ ကိုယ့်ပိုင်ဆိုင်မှု တန်ဖိုး မလျော့စေချင်လို့ ဝယ်ကြတဲ့ အတိုင်းအတာ တခုမှာ ဈေးတွေက မလိုလားအပ်ဘဲ နှစ်ဆကနေ သုံးဆ ဒီလိုမြင့်သွားတာလေ၊ တကယ်တမ်း တိုင်းပြည်အခြေအနေက ငြိမ်နေမယ်၊ ငွေတန်ဖိုးကလည်း ငြိမ်နေမယ်ဆိုရင် အဲလောက်ကြီး အရောင်းအဝယ်တွေ ဈေးတွေ များနေမှာ မဟုတ်ဘူး၊ ဝယ်လိုအား ရှိနေသ၍တော့ ဈေးက ဆက်တက်မှာပဲ၊ အဲတော့ ဝယ်လိုအားကို လျော့အောင်ဘယ်လိုလုပ်မလဲ၊ ရောင်းအားကို ဘာလုပ်ပေးနိုင်မလဲ၊ အဲအပေါ်မှာပဲ မူတည်ပါတယ် ”လို့ ပြောပါတယ်။
လက်ရှိမှာ အမေရိကန်ဒေါ်လာ ပြင်ပပေါက်စျေးက ငွေကျပ် ၅၀၀၀ နီးပါးထိဈေးပေါက်နေပြီး ပြည်တွင်း အခေါက် ရွှေဈေးကတော့ စကစရဲ့ ဈေးနှုန်းထိန်းချုပ်မှုအရ အရောင်းအဝယ် ရပ်သလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
မကြာသေးခင်က ဘဏ် ၇ ဘဏ်ကို သတ်မှတ်ထားတဲ့ ရာခိုင်နှူန်းကျော်ပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးလို့အရေးယူမယ်ဆိုပြီး စကစက ထုတ်ပြန်လိုက်ပြီးနောက်မှာ လူတွေက စိုးရိမ်ပြီး ဘဏ်အပ်ငွေတွေ ထုတ်လာကြပါတယ်။
အဲဒီနောက်မှာ ဘဏ်တွေက ငွေသားထုတ်ပေးတဲ့ပမာဏကို ကန့်သတ်လိုက်တာကြောင့် လူတွေရဲ့ ဘဏ်တွေ အပေါ်ယုံကြည်မှုက ပိုနည်းလာပြီး အပ်ငွေထုတ်တာတွေ ပိုများလာပါတယ်။
ဗဟိုဘဏ်ကလည်း ငွေစက္ကူအသစ်တွေ ထုတ်ပေးပြီး ဘဏ်တွေရဲ့ ငွေသား လိုအပ်ချက်ကို ဖြည့်ပေးခဲ့တာပါ။
အဲဒီနောက် ဘဏ်တွေက ထုတ်ပေးတဲ့ ငွေစက္ကူအသစ်တွေကြောင့် ငွေကြေးဖောင်းပွပြီး ကျပ်ငွေ တန်ဖိုးပိုထိုးကျလာမှာကို လူတွေကစိုးရိမ်လာကြပြီး တဆက်တည်းမှာပဲ အိမ်ခြံမြေဈေးတွေက ရက်ပိုင်းအတွင်းမှာ ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘဏ်အများစုကလည်း Home Loan ချပေးတာတွေကို ယာယီ ရပ်တန့်လိုက်ကြတာကြောင့် ဘဏ်ချေးငွေနဲ့ ချိတ်ပြီး အိမ်ရာဝယ်ယူမှုတွေလျှော့သွားခဲ့ပေမဲ့ ငွေကြေး ဖောင်းပွမှု မြင့်တက်နေတဲ့ လက်ရှိအခြေအနေအရ ဈေးနှုန်းအပေါ် သက်ရောက်မှု နည်းနိုင်တယ်လို့လည်း အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူတွေက သုံးးသပ်ကြပါတယ်။