ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ အုတ်တူးဖော်ရေးကန်ထဲမှာ အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီကျော်က လူငယ် ၂ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အဆိုပါကန်ဟာ အသုံးမပြုတော့တဲ့ အုတ်ကန်အဟောင်းဖြစ်ပြီး ရှမ်းစုရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ် လူငယ် ၃ ယောက် ငါးမျှားရာက ရေဆင်းကူးကြရင်း ၃ ယောက်စလုံး ရေနစ်နေခဲ့တာ ဖြစ်ပါတယ်။
ရေနစ်နေတာကို ဆိုင်ကယ်ကယ်ရီဆွဲသူတွေက တွေ့ရှိခဲ့တာကြောင့် မီးသတ်နဲ့ အရပ်ဖက် အသင်းတွေကို အသိပေးခဲ့ပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ ကမ်းစပ်အနားမှာ နစ်နေတဲ့ အမျိုးသားတယောက်ကိုသာ ကယ်လိုက်နိုင်ပြီး ကျန်အမျိုးသား ၂ ယောက်မှာ ရေထဲနစ်မြုပ် ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့က “ဖြစ်တာက နေ့လယ်ပိုင်းလောက်ပါ။ ကျန်စစ်သားလမ်းနားက အုတ်ကန်အဟောင်းမှာ။ ကယ်ရီသမားတွေ လာပြောတာ။ အုတ်ကန်အဟောင်းဆိုတော့ တူးထားတဲ့ နေရာတွေက ချိုင့်တွေဖြစ်နေတာ။ ကလေးတယောက်က ကမ်းစပ်နားမှာဆိုတော့ မသေဘူး။ ကျန် ၂ ဦးက သေဆုံးပါ။ DB (အလောင်း) တွေက မနေ့ကနဲ့ ဒီမနက် ၇ နာရီလောက်က ပြန်ရထားပါတယ်” လို့ ပြောပါတယ်။
ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းတွေကို တိုက်ကြီးမြို့နယ် နိဗ္ဗာန်ချမ်းသာမင်္ဂလာ နာကူအသင်းယာဉ်နဲ့ တိုက်ကြီးဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်။