ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သမဝါယမကောလိပ်ရှေ့မှာ သြဂုတ် ၂၁ ရက် နေ့လယ်က စားသုံးဆီတင် ယာဉ်တစီး စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် နေ့လယ် ၁၂ နာရီကျော်လောက် သမဝါယမကောလိပ် လမ်းဆုံမီးပွိုင့်ကနေ ကွေ့ထွက်လာချိန် စလစ်ဖြစ်ပြီး တိမ်းမှောက်ခဲ့တာလို့ မြေပြင်သွားရောက် ကူညီခဲ့တဲ့ နယ်ခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကားပေါ်မှာက စားသုံးဆီပေပါ အလုံး ၂၀ ကျော်ပါတယ်။ လမ်းက မိုးရွာထားတာဆိုတော့ လမ်းဆုံမီးပွိုင့်က ကွေ့တဲ့အချိန်မှာ သူ့ဝိတ်နဲ့သူ စလစ်ဖြစ်ပြီး မှောက်တာပါ။ လူထိခိုက်မှုတော့ မရှိဘူး။”
စားသုံဆီတင်ယာဥ်တိမ်းမှောက်ရာကို သန်လျင်မီးသတ်တပ်ဖွဲ့က မီးသတ်ရေယာဥ်တစီး လာရောက် ဆေးကြောရှင်းလင်းပေးခဲ့ကြောင်းနဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တွေပါ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း-ကလောလမ်းခွဲ၊ လွယ်အံကျေးရွာအနီးမှာ သြဂုတ် ၂၁ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က ဆီဘောက်ဆာယာဉ် တစီး တိမ်းမှောက်ကာ ဒီဇယ်ဆီ ယိုဖိတ်ခဲ့ပြီး ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။