Home
မြန်မာသတင်း
တုရင်းတောင်စေတီ တောင်ဆင်းလမ်းတွင် ဘုရားဖူးယာဥ်တိမ်းမှောက်ပြီး ၅ ဦးဒဏ်ရာရ
DVB
·
March 12, 2024
car 1232024

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စုရှိ တုရင်းတောင် စွယ်တော်မြတ်စေတီ တောင်အဆင်းလမ်းမှာ မတ်လ ၁၁ ရက်မနက်ပိုင်းက ဘုရားဖူးယာဥ်တစီး တိမ်းမှောက်ခဲ့ကာ ယာဉ်ပေါ်ပါသူ ၅ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

တုရင်းတောင် စွယ်တော်မြတ်စေတီ တောင်အဆင်းလမ်းမှာ မနေ့က မနက် ၁၁ နာရီဝန်းကျင်က ဘုရားဖူးယာဉ်တစီး ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ရာက ယာဉ်ပေါ်ပါ အမျိုးသားတယောက်နဲ့ အမျိုးသမီးလေးယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကားက ဘုရားဖူးပြီး ပြန်အဆင်းမှာ ဘရိတ်ပေါက်ပြီး မှောက်တာ။ ရန်ကုန် မင်္ဂလာဒုံနဲ့ မရမ်းကုန်းက ဘုရားဖူးတွေပါ။ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးက ပြင်းထန်ဒဏ်ရာရထားလို့ မန္တလေးပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ရတယ်။ အမျိုးသမီးသုံးဦးကတော့ ဒဏ်ရာ (မစိုးရိမ်ရ) နည်းလို့ ညောင်ဦးခရိုင်ဆေးရုံကို ပို့ဆောင်ထားပါတယ်။”

အဲ့ဒီတိမ်းမှောက်ခဲ့တဲ့မော်တော်ယာဥ်ဟာ ရန်ကုန်မှ ပုဂံကို ဘုရားဖူးလာတဲ့ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့က ညောင်ဦးမြို့ကနေ ငှားရမ်းစီးနင်းခဲ့တာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးစန်းဌေးကို သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရပါတယ်။

Photo - ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013