တောင်ကြီးမီးပုံးပျံပွဲမှာ ကျပ် ၁၀၀၀၀ တန်ငွေစက္ကူအတုတွေနဲ့အတူ အမျိုးသား ၄ ယောက်ကို နိုဝင်ဘာ ၁၃ ရက်ညက ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေညောင်မြို့မှာ နေထိုင်တဲ့အမျိုးသား ၃ ယောက်နဲ့ အဖော်ဖြစ်သူတယောက်တို့ကို မနေ့ညက အေးသာယာမြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
တောင်ကြီးမြို့ခံတယောက်က "တောင်ကြီးက စားသောက်ဆိုင်တွေနဲ့ပွဲခင်းထဲမှာ ၁၀၀၀၀ တန်အတုတွေနဲ့မိလို့ ရဲတွေကစုံစမ်းရင်း အေးသာယာမြို့က စားသောက်ဆိုင်တခုမှာ မိတာ ရဲစခန်းဘက်က စစ်ဆေးနေတယ် "လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကတော့ ရွှေညောင်မြို့နယ်နေ မြတ်သူ၊ အောင်သီဟ၊ ထွန်းရာဇာနဲ့ ပျော်ဘွယ်မြို့နယ်နေ တင့်ဇော်ဦးတို့ဖြစ်ပြီး ကျပ် ၁၀၀၀၀ တန် ငွေစက္ကူ အရွက် ၅၀ နဲ့အတူ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"သူတို့ကို ၁၃ ရက်ညက မိတာ၊ မိတဲ့အချိန်မှာ ၁၀၀၀၀ တန်အတု အရွက် ၅၀ လောက်တွေ့တယ်။ သူတို့လွယ်အိတ်ထဲမှာ မီးပုံးပျံပွဲနဲ့ အေးသာယာမှာ ဘယ်လောက် သုံးလိုက်လဲဆိုတာ ထပ်ပြီးစစ်နေသလို ကွင်းဆက်တွေလည်းလိုက်နေတယ်။”
လက်တလောမှာ ငွေစက္ကူအတုတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိသူ အမျိုးသား ၄ ယောက်ကို အေး သာယာမြို့မရဲစခန်းမှာ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူထားလို့ သိရပါတယ်။
တောင်ကြီးမီးပုံးပျံပွဲထဲမှာတော့ ၁၀၀၀၀ တန် ငွေစက္ကူအတုတွေ ပျံ့နှံ့နေတဲ့သတင်းကြောင့် စျေးရောင်းချသူတွေကြားမှာ စိုးရိမ်မှု မြင့်တက်နေပါတယ်။
စစ်ကောင်စီက တောင်ကြီးမီးပုံးပျံပွဲကို လုံခြုံရေးတိုးမြှင့်ကာ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။