ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အဝေရာမီးပုံပျံကွင်းမှာ နိုဝင်ဘာ ၁၁ ရက် ည ၆ နာရီကစလို့ ရိုးရာတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ဖွင့်လှစ်ကျင်းပခဲ့တာမှာ လာရောက်ကြည့်ရှုသူ အရင်နှစ်ကထက်များပြားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး ရာသီဥတု အခြေအနေကြောင့် ကနဦး သတ်မှတ်ရက် နိုဝင်ဘာ ၉ ရက်ကနေ ၂ ရက်တာ နောက်ဆုတ် ကျင်းပခဲ့တာပါ။
ဖွင့်ပွဲမတိုင်ခင် ညနေ ၄ နာရီလောက်အထိ မိုးရွာသွန်းခဲ့ပေမဲ့ ပွဲတော်လာရာလမ်းမှာ လိုင်စင်ပါမှ ဝင်ခွင့်ရတဲ့ ကား၊ ဆိုင်ကယ် ရာနဲ့ချီ ပိတ်မိနေသလို ကွင်းထဲဝင်ခွင့်ရဖို့အတွက် ၁ နာရီခွဲလောက်အထိ X Ray စက်ရှိရာမှာ လူထောင်နဲ့ချီ တန်းစီနေခဲ့ရပါတယ်။
ညလွှတ်တဲ့ မီးပုံးပျံအရေအတွက်နည်းပါးလို့ ညနေ ၆ နာရီကနေ ည ၁၁ နာရီလောက်အထိသာ စီစဉ်ကျင်းပနိုင်နေပြီး ၁၂ ရက်နေ့ကစလို့ နေ့လွှတ် အရုပ်၊ အကောင်ပါ မီးပုံပျံလွှတ်ပွဲကို နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ဖို့ စီစဉ်ထားကြတာ တွေ့ရပါတယ်။
တောင်ကြီးမြို့ခံတဦးက “အခုနှစ် Vibe က ၂၀၁၈၊ ၂၀၁၉ လောက်ကလိုမျိုးပါ။ ရိုးရာပွဲ ဘာနိုင်ငံရေးမှ မရောဘဲ လာသူ များရင်တော့ ကျနော်တို့ ဒေသခံတွေအတွက် အဆင်ပြေတာပေါ့လေ။ ဒီနှစ် မီးပုံးအရေအတွက်တော့ မနှစ်ကလိုပဲ နည်းသွားတယ်။ အရင်ကဆို တညလုံး ၁၇ လုံး၊ ၁၈ လုံးလောက် လွှတ်တာ။ မနှစ်ကနဲ့ ဒီနှစ်မှာ ညမီးကြီးနဲ့ စိန်နားပန် ပေါင်းမှ ၇ လုံးပဲ။ နေ့လွှတ်အရုပ်တွေက ပိုများတယ်။ လာတဲ့သူ ခန့်မှန်းခြေ ၇,၀၀၀ ၊ ၈,၀၀၀ ကနေ သောင်းဂဏန်းလောက် ရှိတယ်”လို့ ပြောပါတယ်။
တောင်ကြီးမြို့ပေါ်က ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းလူပြည့်နှက်နေသလို ယာယီတည်းဖို့ ပြုလုပ်ပေးထားတဲ့ နေရာတွေမှာလည်း နေရာလွတ်မရှိတော့ပါဘူး။
ပွဲဖြစ်မြောက်ရေးစီစဉ်သူတယောက်က “ညဆို ညမီးကြီး၊ စိန်နားပန်ဆိုပြီး ရှိတယ်။ ဒီနှစ်က မီးပုံးဆိုက်ကို ပေ ၂၀ ကနေ ၂၂ ပေအထိပဲ ခွင့်ပြုထားတာ။ ယမ်းအရေအတွက်လည်း လျှော့ထားဖို့ သတ်မှတ်ထားတယ်။ ဆုပေးပွဲတွေက ၁၇ ရက် နောက်ဆုံးရက် ရောက်မှ။ ၁၅ ရက်နေ့ လပြည့်နေ့မှာ ရပ်ကွက်၊ အသင်းအလိုက် တမြို့လုံး မီးပုံးလှည့်ပွဲ ရှိတယ်။ အမှတ်ပေးတာကို အဲဒီကနေလည်း ယူတယ်။ ပွဲအတွင်း ရှမ်းအိုးစည်ကလွဲလို့ ဘလူးတု၊ ဆောင်းဘောက်တွေ ဘာမှ ယူခွင့်မပေးထားဘူး”လို့ ဆိုပါတယ်။
၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် တောင်ကြီးမီးပုံးပျံပွဲလာသူ သိသိသာသာ နည်းသွားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ခရီးသည်ဝင်ရောက်မှု ပိုများတာ၊ စစ်ဘေးရှောင် အရေအတွက် များလာတာတွေကြောင့် မီးပုံးပျံပွဲမှာ လူစည်ကားနေတာလို့ သိရပါတယ်။