Home
မြန်မာသတင်း
တောင်ကြီး တန်ဆောင်တိုင်ပွဲအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှု များပြား
DVB
·
November 13, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲကာလအတွင်း ဆိုင်ကယ် ပျောက်ဆုံးမှုတွေ များပြားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံ အမျိုးသမီးတယောက်က “သံဃာ့ဆေးရုံဝင်းထဲမှာတောင် ဆိုင်ကယ်တွေ ပျောက်နေတာ။ မနေ့ကလည်း အဲဒီဝင်းထဲက ဆိုင်ကယ်တစီး ထပ်ပျောက်သွားတယ်။ ပွဲဈေးထဲမှာဆို ပြောမနေနဲ့။ ဆိုင်ကယ်က ဘယ်နားနေနေ ပျောက်နေတာပဲ။ ခုတော့ သံကြိုးအထပ်ထပ် ခတ်နေရတယ်” လို့ ပြောပါတယ်။

တမြို့လုံးက ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘုရားတွေ လူစည်ကားရာ နေရာတွေနဲ့ တန်ဆောင်တိုင် ပွဲနေရာတွေမှာ ဆိုင်ကယ်ပျောက်ဆုံးမှု အရမ်းများပြားနေပြီး ပြန်လည်ရရှိတာမျိုး မရှိဘူးလို့ သိရပါတယ်။

ဆိုင်ကယ် ပျောက်ဆုံးမှုများတဲ့အတွက် တချို့က ဆိုင်ကယ်ခဏရပ်ချိန်မှာတောင် သံကြိုးတွေ အထပ်ထပ်ခတ်ပြီးမှ ဆိုင်ကယ်ရပ်ရဲတယ်လို့ ဆိုပါတယ်။

မြို့ခံ အမျိုးသားတယောက်က “ဆိုင်ကယ်တွေက တောက်လျှောက်ပျောက်နေတာ၊ ခုဆို Twin kid တို့ လက်ဖက်ရည်ဆိုင်တို့မှာ ဆိုင်ကယ်ပျောက်တတ်သည်၊ မိမိဆိုင်ကယ် ဂရုစိုက်ပါ ဆိုတဲ့ သတိပေးစာတွေ ရေးထားတာ။ မြင်းရုပ်နားက ဆိုင်တဆိုင်မှာဆိုရင် သူ့ဆိုင် လာဝယ်တဲ့သူတွေအတွက် ကြိုးသော့တွေ ငှားပေးတယ်။ ပွဲတွင်းဆိုတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

ဆိုင်ကယ်သူခိုးတွေက အမျိုးသမီးတွေလည်း ပါဝင်နေပြီး ခိုးဘီးတွေကို ပုံစံပြောင်း သိမ်းထားတာတွေ၊ တခြားမြို့တွေကို တင်ပို့တာတွေ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ပြောဆိုနေပါတယ်။

တန်ဆောင်တိုင်ပွဲအတွင်း တရက်တည်းနဲ့တင် ဆိုင်ကယ်အစီး ၁၅ စီးအထက် ပျောက်ဆုံးကာ စစ်ရှောင်ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ပျောက်ဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပွဲမပျက်ရေး၊ တော်လှန်ရေးမှာ မပါဝင်ရေးကိုသာ အာရုံစိုက်ပြီး ဆိုင်ကယ်ပျောက်လို့ တိုင်တန်းတဲ့အပေါ်မှာ အရေးယူမှုတွေ၊ အလေးထားမှုတွေ မရှိဘူးလို့ မြို့ခံအချို့ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013