Home
မြန်မာသတင်း
မြင်းခြံတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်၊ ဒေသခံ ၇,၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
March 4, 2025

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာ ၆ ရွာက ပြည်သူ ၇,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြင်းခြံမြို့နယ်မှာ မတ် ၁ ရက်ကစတင်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတာပါ။ 

မတ် ၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ အင်အား ၁၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာနဲ့ တူးရွင်းဘိုကျေးရွာအနီးကို ဝင်ရောက်ခဲ့ပြီး ထိတွေ့မှုတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံမြို့နယ် ကုက္ကဲကျေးရွာအနီးမှာလည်း ထိတွေ့မှုတွေရှိခဲ့ပြီး မတ် ၂ ရက်မှာ ကျောက်ပြုတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

ကျောက်ပြုတ်နဲ့ တူရွင်းဘိုကျေးရွာကြားမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

မတ် ၃ ရက်အထိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဒေသတွင်းမှာ ရှိနေသေးတဲ့အတွက် နှစ်ဖက် ထိခိုက်သေဆုံးပျက်စီးမှုတွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက “မြေပြင်အခြေအနေကတော့ သူတို့က သတင်းရတဲ့နေရာကို လိုက်နေတဲ့သဘောပေါ့။ လိုက်ပြီးတော့ ကျားနာခဲ,ခဲ စစ်ကြောင်းထိုးတဲ့ သဘောမျိုးတွေ လုပ်နေတယ်။ ကျနော်တို့က အခုအချိန်မှာ ပိုပြီး သိုသိုသိပ်သိပ်နေရမယ့်အချိန်လို ပြန်ဖြစ်သွားပြန်ပြီ။ သူတို့က စစ်ကြောင်းထိုးလည်း လေကြောင်းက အနောက်ကနေ အရန်သင့် ပါပြီးသားလိုဖြစ်နေတော့ ကျနော်တို့က အထူးသတိထားရမယ်ဗျ။ ဒီလိုအချိန်မှာ ရန်သူ မျက်စိနောက်အောင် လုပ်တာမျိုးတွေ ရှောင်ကြဉ်ရမယ်။ နောက်ပြီး ကျေးလက်လိုနေပြီး မြို့ပြပြောက်ကျားစနစ်နဲ့ တိုက်တာမျိုး ပြန်ပြီးတော့ ကျင့်သုံးရမှာ။ ကျနော်တို့က အသာစီးကနေ အရေးနိမ့်သွားတဲ့ အနေအထားမျိုး ဖြစ်သွားရင်လည်း သိပ်သဘာဝမကျဘူး။ ဆင်ခြင်စရာတွေလည်းရှိတယ်၊ လုပ်စရာတွေလည်းရှိတယ်၊ စည်းလုံးဖို့လည်း လိုမယ်ပေါ့နော်။ ရန်သူကတော့ အနံ့ရတဲ့နေရာကို လေကြောင်းနဲ့ တောက်လျှောက်တိုက်ခိုက်မှာဖြစ်တယ်။ ရန်သူက လုပ်စရာရှိတဲ့အလုပ်ကို လုပ်နေတယ်။ ကျနော်တို့ကလည်း လုပ်စရာရှိတာကို သိုသိုသိပ်သိပ် လုပ်ရမယ့် အချိန်မျိုးလို့ ကျနော်ပြောချင်တယ်” လို့ ပြောပါတယ်။

မြင်းခြံမြို့နယ်မှာ ၃ ရက်ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ပြုတ်၊ တူးရွင်းဘို၊ ဓူဝံ၊ ကျောက်ဖြူကန် အပါအဝင် ကျေးရွာ ၆ ရွာက ဒေသခံ ၇,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မန္တလေးတိုင်းထဲမှာ စစ်ကောင်စီက အင်အားအများအပြား ထပ်တိုးချပြီး နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။

မတ္တရာ PDF မှ ဆရာကျားက “စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကတော့ ကိုယ့်ဘက်က တော်လှန်ရေးသမားတွေကလည်း အကုန်လုံး ဝိုင်းပြီးပိတ်ဆို့ထားတယ်။ အနီးကပ်နေရာမှာတော့ အကုန်လုံး Battle ဆိုင်နေတဲ့ အနေအထားရှိတယ်။ ဟောင်ဝစ်ဇာတွေနဲ့ တနေ့ကို ၃-၄ လုံး၊ အနည်းဆုံးကတော့ တနေ့ကို ၃ ကြိမ်လောက် ပစ်တယ်။ သူတို့ မထင်မိတဲ့ရက်ဆိုရင် ၇-၈ ကြိမ်လောက်အထိလည်း သွားတယ်။ တခါတလေကျတော့ ကောင်းကင်က လေကြောင်းတိုက်ခိုက်မှုတွေလည်း အမြဲသုံးတယ်။ အဲဒါ မတ္တရာ-စဉ့်ကူးအခြမ်းဘက်တွေ အမြဲတမ်းပေါ့နော်၊ တော်လှန်ရေးတပ်တွေ ရှိမယ်ထင်လောက်တဲ့နေရာတွေ အင်အားဖြန့်ပြီးတော့ ပြန်ပြီးတော့ တိုးချင်တဲ့အနေအထားမျိုးမို့ လေကြောင်းတိုက်ခိုက်မှုတွေ ခဏခဏလုပ်တယ်၊ မတ္တရာဘက်ကိုလေ။ ၁ လပိုင်းကဆိုရင် ကား ၃ စီးနဲ့ အင်အားထပ်ဖြည့်တယ်။ ထီးတော်မိုးတို့ ဘာတို့လည်း သူက တပ်စခန်းကြီးတွေ ရှိတယ်ဆိုတော့ အဲဘက်ကလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ပေးတယ်။ မတ္တရာဘက်မှာဆိုရင်လည်း ကား ၃ စီး၊ ၄ စီး စစ်မှုထမ်းကဟာတွေကို အသစ်တွေ ခေါ်ဆောင်ပြီးတော့ အင်အားတိုးချဲ့ပြီး ပို့တာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းထဲက လက်လွှတ်ထားရတဲ့ စခန်းတွေကို ပြန်ရဖို့ ၂၀၂၄ စက်တင်ဘာလကတည်းက အပြင်းအထန် ကြိုးစားခဲ့ပေမဲ့ PDF တွေက ပြန်လက်မလွှတ်ဘဲ ခုခံနေတာပါ။

မြေပြင်က သတင်းအချက်အလက် ပေါက်ကြားတာတွေ ရှိတဲ့အတွက် စစ်ကောင်စီက PDF စခန်းတချို့ကို နေရာအတိအကျ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013