
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ငါ့နန်းရွာမှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးတဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသူ ကလေးငယ်ဟာ အသက် ၁၆ နှစ်အရွယ် ကျော်ဇင်ဝင်း ခေါ် ဆုံနန်း ဖြစ်တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“မနေ့ညက ဖအေပြန်မလာလို့ မအေနဲ့ သားက ရွာထဲလိုက်ရှာရာကနေ စစ်တပ်ရဲ့ ကင်းပုန်းနဲ့ တည့်တည့်တိုးပြီး အခုလို ပစ်သတ်ခံခဲ့ရတာပါ။ မအေကတော့ လက်ကျည်ထိမှန်တယ်။ ကောင်လေးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ မအေကတော့ ဒီမနက်ခင်းမှ မြို့ဆေးရုံကို ဆေးကုသသွားတယ်။ ကလေးအလောင်းကတော့ မနက်ခင်းမှာ ကိစ္စကုန်လိုက်ပြီ။”
ငါ့နန်းရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး စစ်တပ် တပ်စွဲနေတဲ့ ဆီမီးခုံရွာနဲ့ မြောက်ဘက်အနီးမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ဆီ သတင်းရောက်တာက ငါ့နန်းရွာ ရွာအလယ်လမ်းဆုံမှာ ပစ်ခံရတာ။ စစ်တပ်က ဆီမီးခုံရွာဘက်ကနေ ငါ့နန်းရွာဘက်ကို ကင်းပုန်းလာဝပ်တဲ့ စစ်သားတွေက ပစ်သတ်သွားတာ။ ဒဏ်ရာရသူက မဟယ်လီမွန်ပေါ့။ သေတာက မဟယ်လီမွန်ရဲ့သား သေတာ။ အရပ်သားတွေက စစ်တပ်က ကင်းပုန်းဝပ်တယ်၊ မဝပ်ဘူးဆိုတာ ဘယ်သိမလဲ။ ကိုယ့်ရွာထဲကို လွတ်လွတ်လပ်လပ် ပုံမှန်တိုင်းအထင်နဲ့ သွားကြတာကို ပစ်သတ်တာ။ ဒါကိုကြည့်ပြီး စစ်တပ်က မဲမဲမြင်ရာ ရန်သူလုပ်ပြီး သတ်ဖြတ်တာပေါ့” လို့ ပြောပါတယ်။
မြင်းခြံမြို့နယ်၊ ငါ့နန်းရွာမှာ တိုက်ပွဲဖြစ်ပွားချင်းမရှိသလို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တာကြောင့် ငါ့နန်းရွာ၊ မြစ်သာရွာ၊ ညောင်ပင်သာရွာနဲ့ ငါန်းဇွန်မြို့နယ် ပေါက်တောချောင်ရွာက ပြည်သူတွေ စိုရိမ်ထိတ်လန့်နေပြီး တချို့မိသားစုဝင်တွေက နေရပ်စွန့်ခွာ ရှောင်တိမ်းတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။