Home
ဆောင်းပါး
စနစ်ဆိုးတွေရဲ့ ဆက်ထုံးထဲက ဝိရောဓိများ
DVB
·
February 27, 2025
Design-DVB

၂၀၂၂ ခုနှစ်လောက်မှာ ကျနော်တို့က တိုင်းရင်းသားတွေလို လွတ်လွတ်လပ်လပ်သွားလာလို့ မရပါဘူး။ တက္ကသိုလ်ကိုလည်း အတော်ကြာကြာ စစ်တွေထိ သွားမတက်ခဲ့ရပါဘူးလို့ စစ်ဆေးရေးဂိတ်တိုင်းမှာ အထောက်အထားပြ စစ်ဆေးခံပြီးမှ သွားလာလို့ရတယ်လို့ ရိုဟင်ဂျာလူငယ်တွေက ရင်ဖွင့်လာရင် မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း ရေပြင်ပေါ်က လှေတစင်းပေါ်မှာပဲ ကြီးလာတဲ့ ဆလုံလူငယ်တွေက ထူးထူးဆန်းဆန်း ကြည့်နေမှာဖြစ်ပြီး အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံရတဲ့ ကရင်ပြည်နယ် ရွာပုန်းတွေမှာပဲ လှည့်လည် ကြီးပြင်းလာပြီး အစိုးရစာသင်ကျောင်းတွေ မမြင်ဖူးသလို တက်လည်းမတက်ဖူးတဲ့ ကရင်လူငယ်တွေ အဲဒီလိုအနေအထားက ကချင်လူငယ်လေးတွေလည်း မျက်မှောင်ကျုံ့ပြီး ငါတို့ကျတော့ကော လို့ စဥ်းစားသွားလိမ့်မယ်။

သေရေးရှင်ရေး အနေအထားကြောင့် မေခမြစ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေစီးဝါးမျိုသွားတဲ့ လှေကလေးနဲ့ ပါသွားတာလား။ စစ်တပ်က ပစ်လိုက်တဲ့ကျည် ထိပြီး ရေစီးထဲ မျောပါသွားတာလား မသိရဘဲ ပြန်ရောက်မလာတော့တဲ့ လော်ဝ်ဝေါ် လာချိတ် လီဆူ ဂျိန်းဖော့ကလေးတွေက မင်းတို့ကမှ ၁၀ တန်းထိတက်ရဖို့ ကံပါလာသေးတယ်လို့ ပြောလိမ့်မယ်။

ဝေးလံခေါင်ခက်တဲ့ သယံဇာတမထွက် ကုန်းတွင်းပိတ် တောင်တန်းပေါ်က ချင်းကလေးတွေကလည်း သူတို့ရဲ့ တောင်ပြို လမ်းပျက် ဆက်သွယ်ရေးခက်လွန်းတာကြီးကို စစ်ဆေးမေးမြန်းမှုမရှိ သွားလာနိုင်တယ်ဆိုတာကြီးက အထောက်အကူမပြုဘူးလို့ ရှင်းပြလိမ့်မယ်။

ဆန်တအိတ်ရဖို့ ပြည်မကထက် အဆ​ပေါင်းများစွာသော ငွေတွေပေးပြီး ထမင်းကိုတောင် သစ်ဥ သစ်ဖု အရောအရာတွေနဲ့ မသေရုံမယ်စားနေရတဲ့ မြေသားလမ်းမှ မရှိတဲ့​ ဒေသက လူတွေအတွက်လည်း အစစ်အဆေးမရှိ သွားလာရတယ်ဆိုတာကြီးက အသုံးမဝင်ပါဘူး။ လမ်းသာပြီး ရွာကနေ မြို့တက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားတိုင်း ငွေတထောင်နဲ့ ထောက်ခံစာ ယူရတဲ့သူအတွက် အစစ်အ​​ဆေးမရှိ သွားလာခွင့်က ရွှေဖြစ်သလို လမ်းမရှိတဲ့သူတွေအတွက်ကျ မြေသားလမ်းလောက်ကလေးက ရွှေဖြစ်နေပြန်ပါတယ်။ မြေပြန့်က ကလေးတွေအတွက် ပျော်စရာကောင်းလွန်းတဲ့ သင်္ကြန်ပွဲတော်ကို မိုးနဲ့ ဆောင်း နှစ်ရာသီပဲ ရှိတဲ့​ဒေသက ကလေးငယ်တွေ မီးလှုံရင်း ခိုက်ခိုက်တုန် ဆင်နွှဲရတယ်ဆိုရင် ဒါဟာ ရယ်စရာမဟုတ်တဲ့ အမှန်တရားဖြစ်တယ်။

ရိုဟင်ဂျာလူမျိုးတွေအတွက် နိုင်ငံသားစိစစ်ခံ ကတ်ပြားတခုက အသက်လောက် အရေးကြီးတယ်လို့ သိနေပေမဲ့ မေခမြစ်ရဲ့ တဖက်ကမ်းက တချို့သောသူတွေက အသက် ၅၀ နားနီးထိ သက်သေခံကတ်ပြားတခုခု ရှိရမယ်ဆိုတာကိုတောင် သိမနေပါဘူး။ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် သစ်ခိုးထုတ် ရွှေလာလုပ်တဲ့ တရုတ်တွေ ပြန်သွားတော့ ဝမ်းစာရေး ခက်ခဲလာပြီး တရုတ်ဘက်ကူးပြီး အလုပ်သွားလုပ်မယ်ဆိုမှ သူဟာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားဖြစ်ကြောင်း သက်သေခံကတ်တခုခု လိုတယ်ဆိုတာကို အထိတ်တလန့် သိရတာမျိုး။ ကလေးတွေရဲ့ ဖွားစာရင်း အိမ်ထောင်စုစာရင်း ဘာဆို ဘာတခုမှ ရှိမနေတာ ရှိရမယ်ဆိုတာ မသိတဲ့ ကချင်တိုင်းရင်းသားတွေအကြောင်းသာ သိရမယ်ဆိုရင် ငါတို့ထက်တောင် အသိပညာနည်းပါး ဆိုးဝါးနေပါလားလို့ ကိုယ်ချင်းစာနိုင်မယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် သုံးဆယ်ကျော် လေးဆယ် ပတ်ချာမှာဆိုရင် ဝိုင်းမော်ထိ ဆေးသွားဝယ်မှ ကိုယ့်ကလေး အသက်ရှင်မယ်ဆိုရင်တောင် တခြားကလေးတွေနဲ့ မြစ်တဖက်ကို ကူးခွင့်မရှိတဲ့ တောင်ယာပဲ လုပ်စားရတဲ့ အဖေက အိမ်ထောင်ရဲ့ တာဝန်တွေအတွက် ကလေးကိုသာ အသေခံရတယ်။ အဖေ သေလို့မဖြစ်တဲ့ အနေအထားကြောင့် အဖေသည် ဝိုင်းမော်ထိ ဆေးသွားမဝယ်ဖို့ မိသားစုလိုက် သဘောတူ ဆုံးဖြတ်ရတယ်။ မေခမြစ်ကို ဖြတ်ကူးပြီး စစ်တပ်က စစ်မေးရင်း သူသည် KIA မဟုတ်တာကြောင့် မေးသမျှ ဘာမှ မဖြေနိုင်တာကို ခေါင်းမာတယ်ဆိုပြီး သစ်ပင်မှာ လက်တဖက်ကြိုးချည် တွဲလောင်းချိတ်ခံရတဲ့ အဖေ။ အဲဒီအဖေရဲ့ နောက်ဆုံး ကြံ့ကြံ့ခံနိုင်အားက လက်တဖက်ကို ချည်ထားတဲ့ သစ်ပင်ပေါ် ချန်ထားခဲ့ရပြီး နောက်လက်တဖက်နဲ့ ခန္ဓာကိုယ်က မြေပေါ်ပြုတ်ကျလာခဲ့တာကို နားထောင်နေရင်းနဲ့တောင် မျက်ရည်ကျလို့ရနေပြီ မဟုတ်လား။ ခုချိန်ထိ ဝိုင်းမော်မှာ အဲဒီ အဖေအို ရှိကောင်းရှိနေနိုင်တယ်ဆိုရင်​တောင် ကျန်တဲ့ လက်တဖက်နဲ့ နိုင်တဲ့အထုပ်သယ် ပြေးနေရောပေါ့။ ဒါဟာ နိုင်ငံသားစိစစ်ခံကတ် ကိုင်ဆောင်သူတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ် မကိုင်ဆောင်သူတွေကြားက တူညီတဲ့ ခါးသီးမှုတွေ ဖြစ်တယ်။ နိုင်ငံသားဖြစ်ခွင့်မရသေးသူတွေနဲ့ နိုင်ငံသားသူပုန်အမျိုးတွေလို့ ဝါးလုံးယမ်း သတ်မှတ်ခံရသူတွေကြားထဲက အရောင်မတူပေမဲ့ အလေး အပေါ့မညီတဲ့ ဒုက္ခတွေသာ ဖြစ်ကြတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ကို ရောက်ဖို့ မေခမြစ်ကို ညဘက်ကြီး လမိုက်ညမှ အသက်ရင်းပြီး ခိုးကူးရတာ။ မေခမြစ်ကမ်းပါး ရေစီးနှေးတဲ့ နေရာကနေ မန်ဝိန်းရွာကြီးမှာ တညအိပ်။ ဝါရှောင်ကျေးရွာလေးမှာ တည ထပ်အိပ်ပြီးလျှာက်မှ ဝိုင်းမော်ထိ ရောက်တာ။ ခုတော့ လမ်းကောင်းသွားလို့တော်သေးတယ်...ဆိုတဲ့သူတွေက တစ်ချို့ ဘဝတပါးကူးပြောင်းသွားပြီး မြန်မာနိုင်ငံမှာ လူပြန်ဝင်စားမှန်းသာသိရမယ်ဆိုရင် ဗိုက်ထဲကနေ ရှောမွေးနဲ့ ပြန်ထွက်ချင်စိတ်ပေါက်နေမှာပါ။

ရှုထောင့်တခုစီက ကြည့်မယ်ဆိုရင် အရာဝတ္ထုတခုတောင် အလင်းပိုင်း အမှောင်ခြမ်းမြင်ရတဲ့ သဏ္ဌာန်ချင်းတောင် မတူကြဘူး မဟုတ်လား။ နှစ်ပေါင်း ၇၀ ကျော် စစ်တပ် အာဏာထိန်းချုပ်ခဲ့ချိန် ဘယ်တိုင်းရင်းသား နိုင်ငံသားမှ အေးချမ်းပျော်ရွှင်မှုကို တင်းပြည့်ကျပ်ပြည့် ရခဲ့တာမဟုတ်ဘူး ဆိုတာကို အချင်းချင်း သိခွင့်မရခြင်းကသာ ဝိရောဓိဖြစ်စေခဲ့ပြီး ကိုယ်ရှိတဲ့နေရာက ဒုက္ခကို ကြီးလှပြီလို့ ထင်ပြီး ငါတို့ဟာ မတူညီတဲ့ ဒုက္ခတွေကို အလေးအပေါ့မညီပေမဲ့ ရင်ဆိုင်နေရကြတာတော့ တူတယ်ဆိုတဲ့ အခြေအနေကို သိစေတဲ့ ကြားခံကိရိယာလို ဖြစ်ရပ်တခုခု ရှိမနေခဲ့ကြတာ ဖြစ်တယ်။ ရှုထောင့်ဆိုမှတော့ အမြင်တူဖို့ ဖြစ်နိုင်တာလည်း မဟုတ်ဘဲကိုး။ အဲဒီလို အချင်းချင်း နားလည်ဖို့ မနီးစပ်စေခြင်းက သူတို့လို ဖြစ်ချင်လိုက်တာ သူတို့ကမှ တော်သေးတယ် ဆိုတဲ့ အတွေးတွေနဲ့ မသိစိတ်က နာကျင်မှုတွေရဲ့ စေ့ဆော်မှုတွေဟာ မျိုးဆက်တဆက်ချင်းကို သူ့ထက်ငါ အသာစီးရဖို့ မဖြစ်သင့်တဲ့ အခွင့်အရေးချိန်ခွင်လျှာညှိရင်း အတွေးအခေါ်ပဋိပက္ခကို ပျိုးပေးနိုင်ခဲ့သလို အဲဒီအခြေအနေကပဲ သပ်လျှိုသွေးခွဲဖို့ လက်နက်တခုဖြစ်လာခဲ့ပြီး အာဏာရှင်အဆက်ဆက်က အသုံးချနိုင်ခဲ့ကြတယ် မဟုတ်လား။ အဲဒီလိုအခွင့်အရေးလွန်ဆွဲပွဲမှာ အမေ ချက်တဲ့ ထမင်းပွဲဝိုင်းထဲမှာ ဆာလာချိန် အရန်သင့် စိတ်ကြိုက်ခူးခပ်စားသောက်ခွင့်ရတဲ့ အနေအထားနဲ့ public transportation လည်းရှိ၊ ရွေးချယ်သင်ယူစရာ အခွင့်အရေးအသာစီးနဲ့ မြို့ပြကြီးထဲက လူငယ်တွေကရော ဝေးလံခေါင်ဖျားက ကျားကုတ်ကျားခဲ ရောက်လာတဲ့ လူငယ်တွေကို ကြိုးစားရတာချင်းအတူတူ သူတို့က အခွင့်အရေးကျ သူတို့ ပိုရတယ်ဆိုတဲ့ အတွေးမရှိဘူး မထင်ပါနဲ့။ စကောလားရှစ်ဆိုရင် တိုင်းရင်းသားတွေ ပိုရတယ်ဆိုတဲ့အသံ ထွက်ကို ထွက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့လို နေရာက ရိုဟင်ဂျာလူငယ်တွေရဲ့ အိပ်မက်က စစ်တွေ ရောက်ဖူးချင် ရန်ကုန်ကနေ နိုင်ငံခြားထွက်သွားဖို့ ဖြစ်နိုင်သလို ဝေးလံခေါင်ဖျားက လူငယ်တွေကလည်း ပညာတတ်မှ ဆေးရုံ ဆေးခန်း မရှိ ငါးရက်တဈေးပြေးတဲ့ဘဝ မနက်မိုးမလင်းခ​င် စျေးချိန်ကုန်သွားတဲ့ နေရာကနေ လွတ်မယ်လို့ တွေးမိနိုင်ပြီး ၂၄ နာရီ သွားလာဝယ်ယူလို့ရတဲ့ နေရာတွေကလည်း သူတို့အတွက် လောကနိဗ္ဗာန် ဖြစ်နိုင်ပါသေးတယ်။ အဲဒီလိုပဲ သူ့ရဲ့ မီးဖိုချောင်၊ အိပ်ခန်း၊ အိမ်သာ၊ ရေချိုးခန်းလောက်ကိုပဲ လွတ်လွတ်လပ်လပ် သွားလို့ရတဲ့ အုပ်ထိန်းသူ မပါဘဲ အပြင်ထွက်ခွင့်မရှိတဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မိန်းမပျိုလေးတွေထဲက တယောက်တလေကလည်း အတိုင်းအတာတခုထိ လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့ တိုင်းရင်းရင်းသားမိန်းမပျိုလေးတွေကို အားကျနိုင်သလို ရန်ကုန်လို မြို့ကြီးမှာ ဗလီတက်ခွင့် ပူပြင်းလွန်းတဲ့ နေရောင်အောက်မှာ တကြိမ်တလေ ဟီဂျတ်နဲ့ ဘူရ်ခါ မဟုတ်တဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံမျိုးနဲ့ တိုင်းရင်းသားအမျိုးသမီးတွေလို စိတ်လက်ပေါ့ပါးစွာ သွားလာဖူးချင်စိတ် ဖြစ်ဖူးမယ်ဆိုရင် အပြစ်တင်ရက်စရာ မရှိပါဘူး။ အဲဒီတိုင်းရင်းသား မိန်းမပျိုလေးတွေရဲ့ နောက်ကွယ်မှာ သူတို့ကို ချည်နှောင်ထားတဲ့ ဓလေ့​ထုံးစံတွေရဲ့ အနုကြမ်းစီးခံနေရတဲ့ အခြေအနေကို သူတို့ မသိနိုင်ကြပါဘူး။

စနစ်ရဲ့ လှည့်ဖြားကောက်ကျစ်မှုနဲ့ ဓလေ့ထုံးစံတွေရဲ့ ချုပ်ကိုင်မှုတွေ ကြားထဲ ဘယ်လူမျိုးဖြစ်ဖြစ် ကျော်ဖြတ်ရှင်သန်ဖို့ ကြိုးစားရပါတယ် ဆိုတာကို နားလည်ဖို့ အခြေအနေတရပ်က လိုကို လိုအပ်ပါတယ်။ အဲဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် ရုန်းကြွ ထ​ဖောက်ထွက်ဖို့ ကြိုးစားခဲ့ရပြီး ခေတ်စနစ်တိုင်းမှာ အသက်အရွယ် အပိုင်းအခြားမရွေး မြေစာပင် ဖြစ်ခဲ့ရတာကို အချင်းချင်း သိခွင့်ရသင့်ပါတယ်။

ဒီလိုပဲ ၂၀၂၁ နိုင်ငံတော် အာဏာသိမ်းမှုသည် တနိုင်ငံလုံးနဲ့ သက်ဆိုင်တယ် ထင်ရင်လည်း ဒါက မုချအမှန်တရား ဟုတ်မနေပြန်ပါဘူး။ ဘာလို့လဲဆိုရင် ပတ်ကွိုင်တောင်တန်းပေါ်က နာဂလူမျိုးတွေကို သွားကြည့်လိုက်ပါ။ သူတို့နဲ့မဆိုင်ပါဘူး။ သိလည်း မသိပါဘူး။ မြေပြန့်က အစိုးရအာဏာကို သူတို့ချင်း လုနေတယ်လို့ ပြန်ဖြေမှာပါ။ တချို့ဆို မြေပြန့်မှာ ဘာတွေ ဖြစ်နေလဲလို့တောင် သိမနေပါဘူး။ ဟုတ်တယ်။ သူတို့က မြန်မာနိုင်ငံ တော်လှန်ရေးအကြောင်း ဘာတစွန်းတစစမှ သိမနေသလို အဲဒီခါးသီးမှုထက် သူတို့ဘဝခါးသီးမှုတွေက အခါးလွန်အချို ဖြစ် နေသားကျနေပြီ။ နာဂတောင်တန်းပေါ် စမတ်ဖုန်းကိုင်တာ မြင်ရင် တကောလောက်ဆိုပြီး အကူအညီသွားတောင်းမိရင် သူတို့ ရယ်မောနေလိမ့်မယ်။ အဲဒီ စမတ်ဖုန်းက zapya နဲ့ ဇာတ်ကားကူး သီချင်းနားထောင် ဓာတ်ပုံရိုက်ဖို့ထက် ဘာမှ ပိုအသုံးမဝင်ပါဘူး။ လိုင်းဆွဲအားကောင်း အတောင့်လိုက် ရုပ်ဆိုးဆိုး ဖုန်းတွေထဲက CDMA sim တွေဟာ တာဝါတိုင်နဲ့ နီးတဲ့နေရာနဲ့ ကံကြမ္မာမျက်နှာသာပေးတဲ့နေ့မျိုးမှာ ဝိုးတိုးဝါးတားနဲ့ အဆက်အသွယ်ရတတ်တာ။ ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂလား sim တရုတ်နယ်စပ်မှာ တရုတ်ဖုန်း ထိုင်းနယ်စပ်မှာ ထိုင်း sim အိန္ဒိယနယ်စပ်တလျှောက်တော့ အိန္ဒိယ sim တွေ ကပ်သုံးနိုင်မှ အဆင်ပြေကြတဲ့နိုင်ငံမှာ vpn ခံနည်းကို အစောဆုံး ကျွမ်းကျင်ထားပြီးသူတွေဟာ ကချင်ပြည်နယ်သားများ ဖြစ်ကြပေမဲ့ နာဂတောင်တန်းပေါ်မှာတော့ နယ်စပ်နီးတဲ့နေရာထိ တကူးတက အင်တာနက်လိုင်း ဖုန်းလိုင်းကို သွားသုံးတဲ့သူဆိုတာ အတော်လေးကို ရှားပါတယ်။ ဒီတော့ တောင်ပြိုတယ်၊ လမ်းပျက်တယ်၊ ဆားလိုရင် အိန္ဒိယကို ခိုးလမ်းက သွားသယ်မယ် ဆိုတာလောက်နဲ့ အဆင်ပြေရမယ့် သူတို့ဘဝမှာ မြန်မာနိုင်ငံက လေယာဥ်ဗုံးကြဲတာ လက်နက်ကြီးထိ သေပျောက်ရတာ မြို့ပျက်နေတာ စတဲ့ အခြေအနေတွေကို သိနိုင်ခွင့် တခုလောက်လေးပဲ ပြပါဆိုရင် မြေပြန့်က တက်လာတဲ့ ကားသမားတွေနဲ့ နီးစပ်တဲ့သူလောက်ပဲ ရှိတာ။ သူတို့ဘက်က ဆက်သွယ်လာရင် အနည်းဆုံး နန်းယွန်းလောက် ရောက်နေပြီ။ စက်မှုလယ်ယာခေတ်မှာ သူတို့ဘဝတွေ လယ်ကို ပေါက်ပြားနဲ့ ပေါက်နေရတုန်း။ သူတို့မှာ ခံစားချက်အသေတခုပဲ ရှိတယ်။ သူများတိုးတက်တာ သူတို့နဲ့ မဆိုင်ဘူး။ သူတို့ကို တိုးတက်အောင်​ လုပ်မပေးတာလည်း သူတို့နဲ့ အုပ်ချုပ်သူအစိုးရအဆက်ဆက် ဘာမှ မဆိုင်လို့ လုပ်မပေးတာမို့ Naga Land ပြန်ထူထောင်နိုင်တဲ့ထိ တောင့်ခံထားရမယ်ဆိုတဲ့ ခံစားချက်။ မြေပုံပေါ် ခဲတံလေး ထောက်လိုက်ရုံနဲ့ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကို သူတို့ ရောက်သွားပေမယ့် သူတို့က ဘယ်အစိုးရနဲ့မှ မသက်ဆိုင်ဘူးလို့ပဲ ခံယူတယ်။ အိန္ဒိယဘက် အိမ်ထောင်လိုက် ပြောင်းသွားရင် အဲဘက်က အစစအရာရာစီမံပေးပြီး မြန်မာဘက် ပြန်ရွှေ့လာရင်လည်း လဝကက အထောက်အထား အကုန်ပြန်လုပ်ပေးတာပဲ ဆိုတဲ့ စကားက သူတို့အတွက်ပဲ မထူးဆန်းတာ။ ကျန်တဲ့သူ အကုန်လုံးအတွက် ထူးထူးဆန်းဆန်းစကား ဖြစ်မယ် ထင်ပါတယ်။ တိုးတက်မှုဆိုပြီး ကြံဖန်ပြစရာ ဘာတခုမှ ရှိမနေတဲ့ အစိုးရကို သူတို့ ခင်တွယ်နေစရာ အကြောင်းမရှိသလို အပြစ်တင်နေမှာလည်း မဟုတ်ပါဘူး။

ရွာချင်းဆက်လမ်းတွေရဲ့ အနေအထားတွေကလည်း ဘုရားစုံပင့်သွားပြီး သူ့ဘုရား ငါ့ဘုရား မခွဲခြားဘဲ ကြုံရာ ဘုရားတရတဲ့ ရွှံ့စေးလမ်းတွေ။ အဲဒီလမ်းတွေပေါ် အသက် ၇၀ ကျော် နာဂအဘွားအိုတွေ စပါးတစ်တင်းပါတဲ့ ပလိုင်းလေးလွယ်လို့ သွားနေဆဲ။ ခြေလှမ်းတိုင်းကတော့ လောကဓံဗုံးတွေ နင်းမိ ပေါက်ကွဲနေဆဲ။ ရန်ကုန်တက္ကသိုလ်မှာ ၂၀၂၁ မတ်လမှာပဲ မဟာတန်းပြီးမယ့် နာဂ​လူငယ်လေးတယောက်ဆိုရင် CDM ဝင်တဲ့ သူငယ်ချင်းကလည်း သတ်ခံရ၊ CDM မဝင်တဲ့ သူငယ်ချင်းကလည်း သတ်ခံရဆိုတော့ ပြောင်းရမယ့် ဝန်ကြီးဌာနက နာမည်စာရင်းလေးတောင် မကြည့်ဖြစ်တော့ဘူး။ ငါတို့နာဂတွေ ပညာတတ် အရမ်းနည်းသေးတယ်။ ငါတော့ ​​သေလို့ မဖြစ်ဘူး။ ဆိုပြီး နာဂတောင်တန်းဆီ ပြန်သွားတယ်။ ငါတို့လေ တနှစ်ပတ်လုံးမှ ဝင်ငွေလေး နှစ်ထောင်ကိုတောင် ကြာကြာမမြင်ဖူးဘဲ ဘယ်လိုလူလုပ်နေတာလဲ မသိဘူးလို့ ရင်ဆို့သံနဲ့ ရယ်မောပြောပြနေမယ်ဆိုရင် ဒီမှာက နေ့စားသမားတောင် ကားတစီးတော့ ပိုင်တယ် ဆိုတဲ့ ရိုဟင်ဂျာလူငယ်လေး ဆွံ့အသွားဖို့ပဲရှိပါတယ်။

အဲဒီလိုမို့ ဗမာစစ်တပ်လို့ ပြောရင် ဗမာက ခံမယ် ထင်နေလား။ ဘာ ဗမာစစ်တပ်လဲ။ ငါ့အမေက ဝက်လာဝယ်မယ် ဆိုတဲ့ သူ့သူငယ်ချင်းတွေ ထင်လို့ အိမ်နောက်ကနေ အော်ခေါ်လိုက်တာကို စစ်တပ်ကလူတွေ ဖြစ်နေပြီး ထရိုက်နေလို့ ငါ့အဘိုးမှာ အိမ်တိုင်လေးဖက် ငိုယိုတောင်းပန်ရတာ။ ကျနော့်သမီးလေး မသိလို့ပါဗျာ...ဆိုပြီး ပြောပြောငိုရတာ။

အချုပ်ပြောရမယ်ဆိုရင် ငါပဲ ဒုက္ခရောက်နေတယ်လို့ မတွေးဘဲ ငါတို့လို သူများဘယ်လို ဒုက္ခရောက်နေမလဲလို့ တွေးဖြစ်ရင်တောင်​​ မြန်မာ့အနာဂတ်ကြီး လှပနေပါပြီလို့ပဲ အတွေးစုံပေးလိုက်ရပါတယ်။

ဒီးဆိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024