
ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကနေ အလုပ်သွားလုပ်ရင်း ရုတ်ရက်ပျောက်ဆုံးသွားတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တယောက် အချိန်တလကျော်မှ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲတာခံရကြောင်း သိရတယ်လို့ မိသားစုတွေဆီက သိရပါတယ်။
ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာနေ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့အတွက် ထွက်သွားရင်း မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်သွားခဲ့ကာ ဖေဖော်ဝါရီ ဒုတိယ အပတ်ထဲမှာ အဆက် အသွယ်ပြန်ရပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲခံရတာကို သိရှိတာလို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူက “သူ စစ်တပ်ထဲမှာ ရောက်နေတာလို့ မိသားစုဆီ ဖုန်းဆက် ပြောတာ။ စစ်ကောင်စီတပ်က ကားပေါ်မှာ မှတ်ပုံတင်စစ်ရင်းနဲ့ ဖမ်းခေါ်ပြီး စစ်သင်တန်းကျောင်းကို အပို့ခံရတာလို့ ပြောတာ။ မိသားစုကို စိတ်မပူဖို့လည်းပြောတယ်။ အခု ဖုန်းဆက်တာက အခြားသူတယောက်ရဲ့ ဖုန်းနဲ့ ခိုးဆက်ရတာလို့ ပြောတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲတာခံရတဲ့ မောင်ဆန်းဝင်းအောင်ဟာ မိဘတွေ မရှိတော့ဘဲ အဘွားဖြစ်သူနဲ့ အတူနေတာဖြစ်ပြီး ဘယ်တပ်က ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။