Home
မြန်မာသတင်း
ကမမောင်းဗျူဟာ မကျရေး စစ်တပ်က တပ်အင်အားတိုးချဲ့၊ အနီးအနားရွာများကို ဗုံးကြဲ
DVB
·
February 26, 2025

စစ်ကောင်စီက ကမမောင်းဗျူဟာ မကျရေး တပ်အင်အား တိုးချဲ့ထားတဲ့အပြင် မြေပြင်နဲ့ ဝေဟင်ကနေ အနီးအနားကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင် အတွင်းက စစ်ကောင်စီရဲ့ ကမမောင်းဗျူဟာ မကျရေး ကမမောင်းမြို့အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ဘားအံအမြောက်တပ်၊ ကမမောင်းဗျူဟာကနေ မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် လေကြောင်းကပါ ပစ်ကူးပေးနေတာပါ။

KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက “ကမမောင်းမှာ စစ်ဖြစ်တဲ့အထိ တိုက်ပွဲတွေဖြစ်တဲ့အထိ မရှိသေးဘူး။ ဒါပေမဲ့ စစ်ကောင်စီက KNLA ကတိုင်တိမှာလည်း ချဉ်းကပ်နိုင်တာဆိုတော့ ကမမောင်းနဲ့ အတော်လေး နီးစပ်လာပြီဆိုတော့ သူတို့ကလည်း ကမမောင်း အတိုက်မခံရအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တပ်အင်အားတွေ ဖြည့်ဆည်းနေတာ ဖြစ်မယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေပြီတော့မှ ခိုလို့မရအောင် လေယာဉ်နဲ့လာပြီတော့  ဗုံးကြဲတာတို့ ပစ်တာတို့ ရက်ဆက်ဆိုသလို လာပြီးပစ်တာတွေရှိတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ကမမောင်းဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေ အပါအဝင် ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော် စတဲ့ အနီးအနား ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စစ်‌ရှောင်ပြည်သူတယောက်က “လက်နက်ကြီးကော လေယာဉ် ဗုံးကြဲပြီးတော့ ပြေးကြတာပဲ။ သူများပြေးတော့ ပစ္စည်းတွေ အကုန်လုံးသယ်ကုန်ပြီ။ ကိုယ်လည်း ပြေးပေါ့။ မြို့တဝက်လောက်တောင် မကဘူး။  အကုန်လုံးပဲ တော်တော်များများ ပြေးတယ်။ ဘာဖြစ်လို့ဆို  ဗီရိုတွေ ဘာတွေပါ သယ်ပြေးကြတယ် ကျနော် တွေ့တာ။ စစ်ဘေးရှောင်တွေ အကုန်ပါတယ်။ အခက်အခဲက ကြုံတာပေါ့။ သူများအိမ်မှာ ငှားနေရတယ်။ တဆင့်ပြီးတဆင့် ပြေးတော့  အကုန်းလုံး အခက်အခဲဖြစ်တယ်။ နေထိုင်စားသောက်ရေးက သူများပေးတာပဲ စားနေရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က စစ်ကောင်စီရဲ့ ကတိုင်တိဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့  စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ 

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီရဲ့  ကမမောင်း၊ ဖာပွန်စခန်းကြီး ၂ ခုနဲ့ ဖာပွန်မြောက်ပိုင်းက တပ်စခန်းငယ်တွေ အပါအဝင် တပ်စခန်း ၁၀ ခုကျော် ကျန်ရှိနေသေးတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013