
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၆) ကနေ ထွက်ပြေးတဲ့ စစ်မှုထမ်းတပ်သား လူငယ်တယောက် ပြန်လည်ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်က ရိုက်နှက်ရာမှာ သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုသိမ် ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၆) မှာ သင်တန်းတက်နေတဲ့ စစ်မှုထမ်းတပ်သား အသက် ၁၉ နှစ်ကျော်အရွယ် မောင်ဝိုင်းလေး ဆိုသူဟာ ဖေဖော်ဝါရီ ဒုတိယအပတ်က ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်က စုံစမ်းစစ်ဆေးရှာဖွေပြီးနောက် ၂ ရက်ခန့်အကြာမှာ ပြန်လည်ဖမ်းမိပြီး စစ်ကောင်စီတပ်သားတွေ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
ရွှေမြင်တင် စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ နီးစပ်သူက “ကောင်လေးက တပ်ထဲကနေ ထွက်ပြေးတာက လွတ်သွားပါတယ်။ ရွှေမြင်တင်ကျေးရွာ အောင်သီရိတောရကျောင်းမှာ ထမင်းတောင်းစားရင်း စစ်တပ်ကို သတင်းပြန်လည်ပေါက်ကြားပြီး စစ်ကောင်စီတပ်သားတွေက ရှာဖွေ ပြန်လည်ဖမ်းဆီးသွားပြီး ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားတဲ့ စစ်မှုထမ်း တပ်သားသစ် လူငယ်အလောင်းကို စခတ ၆ တပ်အနီး တောစပ်မှာ စွန့်ပစ်ထားခဲ့ပြီး ခိုးထွက်ပြေးရင်း မြွေကိုက်လို့ သေဆုံးသွားတာလို့ လိမ်လည်သတင်းဖြန့်ကာ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်မှာ အခြားစစ်ကောင်စီတပ်သား အလောင်းတွေနဲ့ ရောနှော သင်္ဂြိုဟ်လိုက်တာလို့ တပ်နဲ့နီးစပ်သူဆီကနေ သိရပါတယ်။
တပ်နဲ့နီးစပ်တဲ့ ပုသိမ်ဒေသခံ အရပ်သားတယောက်က “အရင်ကတည်းက စစ်မှုမထမ်းချင်တာ၊ အဓမ္မဖမ်းခေါ် စစ်မှုထမ်းခိုင်းနေတာလေ။ သူတို့က လူငယ်တွေကို ရက်တို စစ်သင်တန်းပေး ရှေ့တန်းလွှတ်နေတာ၊ ဘယ်သူက စစ်မှုထမ်းချင်မလဲ။ အခုက ထွက်ပြေးတာ၊ နောက်ကျ အဖွဲ့လိုက် ခုခံတော့မှာ” လို့ ပြောပါတယ်။
ပုသိမ် ရွှေမြင်တင် သင်တန်းကျောင်းမှာ သင်တန်းတက်နေရတဲ့ စစ်မှုထမ်း လူငယ်တွေကို စစ်ကောင်စီတပ်က ထွက်ပြေးမှာစိုးတာကြောင့် အိမ်သာတက်တဲ့နေရာအထိ လိုက်စောင့်တာတွေပါ လုပ်လာပြီး ထွက်ပြေးပါက မိသားစုကိုဖမ်းဆီးကာ နေအိမ်ချိပ်ပိတ်မယ်လို့ သင်တန်းမှာ နေ့စဉ်ပြောဆို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက တိုက်ပွဲတွေအတွင်း စစ်အင်အားလိုအပ်ချက်ကြောင့် အရပ်သားတွေကို အဓမ္မစုဆောင်း ရက်တိုစစ်သင်တန်းပေးကာ ရှေ့တန်းကို စေလွှတ်နေတာကြောင့် သေဆုံးမှုတွေ များနေတဲ့အတွက် စစ်မှုထမ်းအရပ်သား အမျိုးသားတွေက မကြာခဏ ထွက်ပြေးနေတာလို့ သိရပါတယ်။