
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရဲ့ အနောက်ဘက် ၈ မိုင်အကွာမှာရှိတဲ့ တောသာကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၆ ရက် ည ၁၂ နာရီလောက်မှာ စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောသာရွာပြည်သူတယောက်က “ပျံလာတဲ့အသံကတော့ ကြားရတာပေါ့။ သူ့ရွာ ချမလား၊ ကိုယ့်ရွာချမလား အတိအကျ မသိရဘူးလေ။ အများသူငါ အိပ်ကောင်းတဲ့အချိန်ကြီးကို လာချတာ။ တစီးက ကင်းပတ်တာဖြစ်မယ်ဗျ။ နောင်တစီးက တောသာရွာကို ဗုံးသီး ၂ လုံး ကြဲချသွားတာ။ အဲလိုကြဲချလို့ တောသာရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားတယ်။ သူတို့ အဲလိုလာချတာကို သိလို့ ဘေးကင်းရာကို ပုန်းဖို့ရာ ထွက်ပြေးတဲ့အချိန်ကို ကြဲချလို့ အခုလို ထိခိုက်ဒဏ်ရာရရှိသွားရတာ” လို့ ပြောပါတယ်။
တောသာရွာဟာ အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို စစ်တပ်ထောက်ခံတဲ့ ဇီးဖြူကုန်းရွာနဲ့လည်း နီးတယ်လို့ သိရပါတယ်။
ပုလဲ ဒေါင်းညိုအဖွဲ့ရဲ့ တာဝန်ရှိသူက “တိုက်ပွဲလည်းမဖြစ်ဘူး၊ စစ်ကြောင်းထိုးတာလည်း မရှိဘူးဗျ။ သူတို့ ဘာသတင်းရလို့ အခုလို လာချသွားတယ် ဆိုတာကတော့ မသိဘူး။ ချတာကတော့ ၂ လုံးချတာ။ ထိခိုက်တဲ့အမျိုးသမီးတော့ ဆေးကုသမှု ပေးနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ ကြိုတင်တူးပြီး အသင့်ပြုလုပ် ပြင်ဆင်ထားကြဖို့ လိုနေပါပြီ” လို့ ပြောပါတယ်။
ယင်မာပင်ခရိုင်အတွင်းက ကနီမြို့နယ်၊ ချောင်းမကျေးရွာကိုလည်း စစ်တပ်က စက်တပ် လေထီးနဲ့ ဖေဖော်ဝါရီ ၁၈ ရက်န ညနေက အခုလို ဗုံးကြဲတာကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရပြီး ၂၀ နီးပါး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။